လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်ခွင့်မရလို့ ဒေါ်အောင်ဆန်းစုကြည်အသက်အန္တရာယ် အထူးစိုးရိမ်ကြောင်း NLD ပါတီ ထုတ်ပြန်

0
304
ပုံစာ - ဒေါ်အောင်ဆန်းစုကြည် လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်ခွင့်မရ။

စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်ခွင့်မရတာကြောင့် အသက်အန္တရာယ် ထိခိုက်မှု ဖြစ်ပေါ်လာပါက စစ်ကောင်စီတွင် လုံးဝတာဝန်ရှိကြောင်း NLD ပါတီ ဗဟိုအလုပ်ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် အသက် ၇၈ နှစ် အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ရက်ပိုင်းက သွားဖုံးရောင်ဝေဒနာ ခံစားခဲ့ရသည်ကို စနစ်တကျ ကုသခွင့်မရခဲ့သည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ၊ နေရာထိုင်ခင်းတို့ သင့်တင့်မျှတအောင် ဆောင်ရွက်ပေး မထားဘဲ အသက်အန္တရာယ် ရှိစေရန် ရည်ရွယ်ဖန်တီးထားသည့်အတွက် အထူးပင်စိုးရိမ်ပူပန်မိပါသည်ဟုလည်း ဖော်ပြပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုသည့် သတင်းများကြောင့် ပါတီအနေနဲ့ အထူးစိုးရိမ်ပြီး နိုင်ငံတကာကလည်း ဖိအားပေးနိုင်မယ့် နည်းလမ်းတွေ ဝိုင်းဝန်းလုပ်ပေးကြဖို့ လိုမယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးဘိုဘိုဦးက ပြောဆိုသည်။

“လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ထားတယ်။ မိသားစုဝင် တွေနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အချက်အလက်တွေ လည်းပေါ့နော် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီးတော့ ပါတီအနေနဲ့ အရမ်းကို စိုးရမ်ပါတယ်။ နိုင်ငံတကာ အနေနဲ့ တတ်နိုင်သရွှေ့တော့ ဝိုင်းဝန်းပံ့ပိုးနေတယ်ဆိုတာ ပါတီအနေနဲ့ ယုံကြည်ပါတယ်။ ဒီထက် ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်နိုင်မယ့်နည်းလမ်းများကို ဝိုင်းဝန်းပြီးတော့ ဖိအားပေးနိုင်ဖို့အတွက်ကို လိုလားပါတယ်” ဟု ဦးဘိုဘိုဦးက ပြောသည်။

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံတစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို နိုင်ငံရေးအကျဉ်းသား တစ်ဦး၏ ရပိုင်ခွင့် အခွင့်အရေးများကို မပေးဘဲ လျှို့ဝှက်သည့်နေရာတစ်ခု၌ ဖမ်းဆီးချုပ်နှောင် ထားသည် လို့လည်း စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်သည့် NLD ပါတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံး ခြွင်းချက် မရှိ လွတ်မြောက်စေဖို့ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးချင်းနိုင်ငံများမှ ခေါင်းဆောင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုများကလည်း ဝန်းရံတိုက်တွန်း ပေးကြပါဖို့ NLD က အလေးအနက်တောင်းဆို မေတ္တာရပ်ခံအပ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲခဲ့သည့် အမှုပေါင်း ၁၉ မှု အတွက် ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချခံ လိုက်ရပြီး ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက အမှု ၅ မှု အတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့သည့်အတွက် နောက်ထပ်ထောင်ဒဏ် ၂၇ နှစ် ဆက်လက် ကျခံနေရဖို့ ရှိနေသေးကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here