ထားဝယ် ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

0
227
ပုံစာ- ထားဝယ် ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ။ (Photo- Oae Awd Column)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ အနီးရှိ စစ်ကောင်စီ ဘုရားမဲ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဥသြစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၇ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်၌ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ခိုက်မှုတွင် နှစ်ဖက်တပ်အကြား အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ် နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၍ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ဘုရားမဲစစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ ငွေကြေး တောင်းခံခြင်းများ လုပ်ဆောင်နေလို့ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဥသြစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းသို့ တိုက်ခိုက်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီဘက် က ရမ်းသမ်းပစ်ခတ်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း ခရီးသွားများက ပြောဆိုသည်။

အလစ်ငိုက် တိုက်ခိုက်ခံရခြင်းကြောင့် ထိခိုက်သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူနာတင်ယာဉ်ဖြင့် လာရောက် ကောက်ယူသွားပြီးနောက် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ခရီးသွားများထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်နေ့က ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က စနိုက်ပါနှင့် လာရောက် ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here