နမ့်ဖတ်ကာအမျိုးသမီးနှစ်ဦး မုဒိမ်းကျင့်ခံရသည့်သတင်း ထပ်မံထွက်ပေါ်ပါက ရွာကိုမီးရှို့ဖျက်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ပြောဆို

0
333
ပုံစာ - စစ်ကောင်စီတပ်သားများက နမ့်ဖတ်ကာရှိ ဒေသခံအမျိုးသမီး ၂ ဦးကို မုဒိမ်းပြုကျင့်ခဲ့သည်။

သျှမ်းပြည်၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စုရှိ ဆွမ်လုံကျေးရွာနေ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ တပ်သားများက မုဒိမ်းပြုကျင့်မှုနှင့် ပတ်သက်ပြီး အဆိုပါသတင်း ထပ်မံ ထွက်ပေါ်လာပါက ရွာကိုမီးရှို့ဖျက်ဆီးမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများက နမ့်ဖတ်ကာ ကျေးရွာအုပ်စုရှိ ဆွမ်လုံကျေးရွာ ဒေသခံအမျိုးသမီး ၂ ဦး အိမ်တွင်းထဲသို့ ရောက်ရှိလာပြီး မုဒိမ်းပြုကျင့် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်မှ ထိုသို့ခြိမ်းခြောက်ပြောဆိုမှုအပြင် ကျေးရွာအတွင်းပါ ဝင်ရောက်နေထိုင်ပြီး ဒေသခံများ ကြောက်လန့်အောင် လုပ်နေသည့်အတွက် ဒေသခံများကလည်း ထိုသတင်းဖြစ်စဉ်ကို နှုတ်ပိတ်ထားရသည်ဟု ကွတ်ခိုင်မြို့နယ် အမျိုးသမီးအရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

“ရွာသားတွေမှာတော့ ဘယ်သူမှ စကားမဟရဲတဲ့ အခြေအနေ ဖြစ်နေတယ်။ ဖြစ်ပျက်သွားတာတွေကြောင့် ဒေသခံတွေလည်း စိတ်ဒဏ်ရာတွေ ရနေကြပြီ။ ကျူးလွန်ခံရတဲ့သူတွေဆိုလည်း ဘယ်မှ မသွားရဲ၊ ဘာမှ မပြောရဲ ဖြစ်နေတယ်။ အပြင်လူမပြောနဲ့ သူတို့ဆွေမျိုးဆိုလည်း မနည်းနားချပြီး စကားပြောယူရတာလို့” ၎င်းက ဆိုသည်။

မုဒိမ်းမှု ကျုးလွန်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးသည် အသက် ၃၀ ကျော် အရွယ် ကလေး ၂ ဦးရှိသည့် မိခင်တစ်ဦးဖြစ်ပြီး၊ ကျန်အမျိုးသမီးတစ်ဦးမှာ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် အိမ်ရှင်အမျိုးသားများကို လက်ထိပ်ခတ်ပြီး သေနတ်ဖြင့်တေ့ကာ အမျိုးသမီးများကို ၎င်းတို့၏ရှေ့မှာပင် မုဒိမ်းမှု ပြုကျင့်ခဲ့ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ရွာခံအမျိုးသမီး ၂ ဦးကို မုဒိမ်းပြုကျင့်ခဲ့ပြီးသည့်နောက် စစ်ကောင်စီအဖွဲ့က ထိုသတင်း ပေါက်ကြားမှုရှိပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် ရွာကိုလည်း မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း အမျိုးသမီးအရေးဆောင်ရွက်သူက ဆက်ပြောသည်။

“ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့မှာပဲ ရွာထဲကို စစ်ကြောင်းတစ်ကြောင်း ဝင်လာတယ်၊ ဖြစ်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းပေါက်ကြားမှု မဖြစ်စေနဲ့၊ တပ်နာမည် ထိခိုက်စေတယ်။ သတင်းပေးတဲ့ သူရှိရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ရွာပတ်လည်မှာ စစ်တပ်တွေ ရှိပြီးသား၊ ရွာကိုမီးရှို့ ပစ်လိုက်လို့တောင်ရတယ်လို့ ပြောသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ခမရ ၅၆၉ တပ်ရင်းဖြစ်ပြီး သတင်းပေါက်ကြားမှု မရှိစေရန်အတွက် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ ဆွမ်လုံကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်သားများက ဝင်ရောက်နေထိုင်ပြီး ခြိမ်းခြောက်နေကြောင်းလည်း ဒေသခံများထံက သိရကြောင်း ၎င်းက ပြောပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် ကျူးလွန်သူများကို ပြင်းထန်စွာအရေးယူ ဆောင်ရွက် စေလိုကြောင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေလိုကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ကလည်း သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

“သူတို့လုပ်ရပ်က အင်မတန်ကို ရက်စက်လွန်းတဲ့လုပ်ရပ် ဖြစ်တယ်။ ပြည်သူလူထုအပေါ်မှာ တမင်သက်သက် နှိပ်စက်တဲ့လုပ်ရပ်တွေ ဖြစ်တယ်လို့လည်း မြင်မိတယ်၊ ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဒေသခံတွေအပေါ်မှာ ထိုက်သင့်တဲ့ ပေးလျှော်မှု၊ တာဝန်ယူမှုတာဝန်ခံမှု ရှိသင့်တယ်။ ကျူးလွန်တဲ့ တပ်သားတွေကိုလည်း ပြင်းထန်စွာ ထိရောက်စွာ အရေးယူပေးစေချင်တယ်” ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က ပြောသည်။

ကွတ်ခိုင်မြို့နယ်သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး နှစ်ဘက်တိုက်ပွဲ ပဋိပက္ခတွေကြား ဒေသခံပြည်သူလူထုသည် အဘက်ဘက်ကနေ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခံနေရကြောင်း စုံစမ်းသိရသည်။

ယခု ၂၀၂၃ ခုနှစ် မတ်လမှ ဧပြီလ အထိ သျှမ်းပြည်အတွင်း လိင်ပိုင်းဆိုင်ရာနှင့် ကျား – မ ကွဲပြားမှုပေါ် အခြေခံသည့် အကြမ်းဖက်ခံရမှုများသည် ယခင်နှစ်များထက် တိုးလာကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) ကလည်း ပြီးခဲ့သည့် ဇွန်လထဲတွင် ထုတ်ပြန်ခဲ့သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here