“တပ်ဆုတ်ဖို့ ပြောတယ်ဆိုတာကလည်း သူဆုတ် ကိုယ်ဆုတ်ဆိုရင် တစ်မျိုးပေါ့။ တိုက်နေရင်းနဲ့ ကိုယ့်တပ် ပြန်ဆုတ်ဖို့ ဆိုတာ စစ်ရိုး ထုံးစံမရှိဘူး” SSPP ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးဖုန်းဟန်

0
219
ပုံစာ - SSPP ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးဖုန်းဟန်

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးဖုန်းဟန်နှင့် အမေးအဖြေ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ စစ်ကောင်စီ တပ်ဖွဲတို့အကြား သြဂုတ် ၆ ရက်နေ့မှ စတင်ပြီး လဲချားမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။

အခုလိုတိုက်ပွဲ မတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီနဲ့ SSPP ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှု ရှိခဲ့ပါတယ်။ အဲ့ဒီ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပြီး အခုလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

ငြိမ်းချမ်းရေး ဆွေးနွေးမှုအပြီး နှစ်ဖက်တပ်ဖွဲ့ကြားက တိုက်ပွဲဖြစ်ပေါ်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးဖုန်းဟန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဒီနေ့ သြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းမှာ လဲချားမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတယ်လို့ ကြားရတယ်။ ဘယ်နေရာတွေ ဖြစ်နေတာပါလဲ။

ဖြေ။ ။ ဟုတ်ပါတယ်၊ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တာ မှန်ပါတယ်။ လဲချားမြို့နယ် အရှေ့တောင်ဘက် နည်းနည်းကျတဲ့ ဟိုင်းဆိုင်ကျေးရွာအုပ်စု တဝိုက်နားမှာ တိုက်ပွဲ ဖြစ်ခဲ့တာပေါ့နော်။ တိုက်ပွဲဖြစ်ပွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ တော်တော်ကို ရှည်လျားပါတယ်။ ကျနော်တို့ RCSS နဲ့ တိုက်ပွဲတွေ ဖြစ်ရင်းဖြစ်ရင်းနဲ့ ဒီလဲချားတို့၊ မိုင်းကိုင်တို့ဘက် ရောက်သွားတဲ့ အနေအထားမှာ အဲ့ဘက်ကိုလည်း ကျနော်တို့ တပ်ဖွဲ့က အခြေချ နေထိုင်ကြတာပေါ့။

အဲ့ဒီအပေါ်မှာ စစ်ကောင်စီဘက်ကလည်း ကျေနပ်ချက် သိပ်မရှိဘဲနဲ့ “ဒီနေရာမှာ RCSS တပ် မရှိတော့ဘူး၊ ခင်ဗျားတို့ တပ်ပြန်ဆုတ်ပါ” ဆိုပြီး ပြောဆိုလာတာ ရှိပါတယ်။ ကျနော်တို့ကိုလည်း RCSS တပ်ဖွဲ့က မကြာခဏ ဆိုသလို ခြုံခိုတိုက်ပွဲတွေ ၊ ချောင်းမြောင်း တိုက်ခိုက်မှုတွေ၊ မိုင်းဆွဲ တိုက်ခိုက်မှုတွေကို စသဖြင့် စဉ်ဆက်မပြတ် လုပ်ဆောင်လာတာ ရှိခဲ့တယ်။ အဲ့ဒီအနေအထားမှာ ကျနော်တို့တပ်ဖွဲ့ လုံခြုံရေး၊ ဒေသအတွက် လုံခြုံရေး၊ နယ်မြေစိုးမိုးရေး စတာတွေအတွက် ကျနော်တို့တပ်ဖွဲ့က အခြေချမှုတွေကို ဆက်လက် လှုပ်ရှားနေရပါတယ်။

ဒီဘက်က စစ်တပ်ကလည်း တနေ့တခြား မကျေနပ်မှုတွေနဲ့ သူတို့တပ်အင်အားတွေ တိုးလာတာပေါ့။ ပြီးတော့ သူတို့ တပ်အင်အားအပြင် ပြည်သူ့စစ်တွေဖြစ်ကြတဲ့ အဲ့ဘက်က SSS (S သုံးလုံး) ပြီးတော့ တခြားဟိုဘက်ရှိတဲ့ အဖွဲ့တွေကို အသုံးချပြီးတော့ အင်အားတွေ ထပ်တိုး၊ ဖိအားတွေပေး လုပ်လာရင်းနဲ့ မနေ့တနေ့ကတော့ လက်နက်ကြီးတွေနဲ့ ရမ်းထုလာတယ်။ အမှန်ကတော့ အဲ့ဒါက ခြောက်လှန့်တဲ့ သဘောပါ။ ဒီမနက်ကျတော့ ဒီဟိုင်းဆိုင်ရယ်၊ မက်လန်းကျေးရွာ အနီးမှာရယ် သုံးလေး နေရာလောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပေါ့။ အခုအနေအထားက နှစ်ဖက်ရင်ဆိုင်နေရသေးတဲ့ အနေအထားပါ။ စစ်ရေးတင်းမာနေတဲ့ အနေအထားလို့ ပြောလို့ရတာပေါ့ဗျာ။

မေး။ ။ SSPP/SSA တပ်ဖွဲ့အနေနဲ့ လဲချား၊ မိုင်းနောင်တို့ဘက် ရောက်လာတာကို စစ်ကောင်စီက ဘာကြောင့် မကျေနပ်ရတာပါလဲ။

ဖြေ။ ။ ဘာကြောင့် မကျေနပ်လဲဆိုရင် သူတို့ ပြောပုံအရဆိုရင် နယ်မြေကျွံတာပေါ့။ ဒါပေမဲ့ ဒီစကားက ကျနော်တို့ ပြောရမယ့်စကား ဖြစ်တယ်။ ကျနော်တို့ နယ်မြေလေဗျာ။ ဒါကို ကျနော်တို့ ပြန်လာပြောတယ် ဆိုတော့လည်း ဘာအဓိပ္ပါယ်လဲ ဆိုတာက သူတို့ကိုပဲ ပြန်ပြီး မေးကြည့်ရမလို ဖြစ်နေတယ်။ ခေတ်စကားအနေနဲ့ ဆိုရင် ဘာသဘောလဲပေါ့။

မေး ။ ။ ဒီအခု လဲချားမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုက စစ်ကောင်စီဘက်ကနေ စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ပြောလို့ရမလားရှင့်။

ဖြေ။ ။ ထိုးစစ်ဆင် ဆိုတာထက် ရန်စတာလို့ ပြောရမှာ။ နဂိုကတည်းလည်း သူတို့က ဒီဘက်မှာ ရှိနေသလို ကျနော်တို့ကလည်း ရှိနေခဲ့တယ်။ ဗိုလ်နေမြဲ ကြားနေမြဲဆိုရင် ဒါက တိုက်ပွဲဖြစ်စရာ အကြောင်းမရှိဘူး။ သူတို့နေနေတဲ့ မိခင်တပ်ရင်းတပ်ဖွဲ့ဖြစ်တဲ့ တိုင်းဌာနချုပ်တို့ ဘာတို့ကနေ မထွက်လာဘူး၊ နေရင်းဌာန နေရာမှာပဲ နေနေကြမယ်ဆိုရင် ထိတွေ့တိုက်ပွဲ ဖြစ်စရာအကြောင်း မရှိပါဘူး။ ဒါက ရည်ရွယ်ချက် တောတိုးထွက်လာ ပြီးတော့ ကျနော်တို့ကို တိုက်ခိုက်လာတာ။ သူတို့စကားအရ ဆိုရင် နယ်မြေစိုးမိုးရေးပေါ့။ အဲ့ကနေ တိုက်ပွဲတွေ ဖြစ်လာတာပေါ့။ ကျနော်တို့ ဘက်ကနေစပြီး ရန်စတဲ့ အနေအထား တခါမှ မရှိပါဘူး။ ချောင်းမြောင်းပစ်ခတ် တာလည်း တခါမှလည်း မရှိပါဘူး။ ဒါပေမဲ့ ဘယ်လက်နက်ကိုင် တပ်ဖွဲ့မဆို တပ်ဖွဲ့အချင်းချင်းကြား ကြိုတင် အကြောင်းကြားမှု မရှိဘဲ သူများနေရာ ရောက်သွားရင်တော့ ဘယ်သူမဆို ပစ်ကြမှာ ထုံးစံပါပဲ။ ဒါကတော့ စစ်ရဲ့ သဘောတရား ဖြစ်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်တုန်းကလည်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံခဲ့တာတွေ ရှိခဲ့တယ်။ အခုတော့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ ဘယ်လိုကြောင့်ပါလဲ။

ဖြေ ။ ။ အဲ့ဒါ ကျနော်တို့ တပ်ဖွဲ့အနေနဲ့ ဖြေရမယ့် မေးခွန်းလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ စဉ်းစားစရာ တွေကတော့ အများကြီး ရှိတာပေါ့။ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့ကျ ငြိမ်းချမ်းရေး မဆွေးနွေးဘူး၊ မဖြစ်တဲ့ အဖွဲ့ကိုမှ ခေါ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်တယ်။ တကယ့် အခြေခံဥပဒေနဲ့ ပတ်သက်နေတဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဆွေးနွေးဘဲနဲ့၊ သူတို့နဲ့ တိုက်ရိုက်ဆွေးနွေးလို့ရနိုင်တဲ့ အခွင့်အလမ်းတွေလည်း မရနိုင်ဘဲနဲ့ ဒီလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ကျ ဒါတွေကို ပြင်မယ်ဆိုပြီး ဆွေးနွေးပွဲတွေ လာပြုနေတယ်။

အနိုင်ရတဲ့ ရွေးကောက်ခံ ပါတီတွေနဲ့ ဆွေးနွေးပွဲ မလုပ်ပဲနဲ့ အနိုင်မရတဲ့ ပါတီတွေနဲ့ ဆွေးနွေးပြီး အခြေခံ ဥပဒေကို ပြုပြင်မယ်ဆိုတဲ့ ဆွေးနွေးပွဲတွေကျတော့ ယုတ္တိကျတဲ့ ဆွေးနွေးပွဲ ဖြစ်လား၊ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲ ဖြစ်လားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ အဓိက ကတော့ ယုတ္တိမကျတဲ့ ဆွေးနွေးပွဲလို့တော့ ကျနော်တို့အနေနဲ့ ဒီလိုမျိုးပဲ မြင်ပါတယ်။ မဟာမိတ် တပ်ဖွဲ့အနေနဲ့ သွားတဲ့ ဆွေးနွေးပွဲကိုကျတော့ အများသဘော၊ အများနဲ့ လုပ်နေတဲ့ Process ဖြစ်တဲ့အတွက် စောဒကတက်စရာ အကြောင်း မရှိပါဘူး။

မေး ။ ။ တွေ့ဆုံတုန်းက ငြိမ်းချမ်းရေး ညီလာခံကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ကြားတယ်။ SSPP ဘက်က အဲ့ကိစ္စကို အဖြေမပေးခဲ့သေးဘူးလို့လည်း ကြားတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်တာပါလား။

ဖြေ။ ။ အဖြေက မပေးသေးဘူးဆိုတာကလည်း ကျနော်တို့က FPNCC အဖွဲ့ဝင်ဖြစ်လို့ FPNCC အနေနဲ့က ညီလာခံ တက်မယ်၊ မတက်ဘူးဆိုတာ သဘောထား မကျသေးလို့ပါ။ ဘာပဲပြောပြော FPNCC နဲ့ သူရဲ့မူက အားလုံး အတူတကွဆိုတဲ့ ဆွေးနွေးချက် ရှိတာပေါ့။ ဆိုတော့က FPNCC တခုလုံးကို လွှမ်းခြုံနိုင်တဲ့ သဘောထား မကျသေးဘဲနဲ့ ကျနော်တို့က သွားမယ်ဆိုပြီးတော့ အဖြေပေးနိုင်ဖို့က ယုတ္တိမကျဘူး။

ဒါကြောင့် FPNCC နဲ့ ကျနော်တို့ မိခင်တပ်ရင်းရဲ့ သဘောထားဆန္ဒကို ရယူပြီးမှ အကြောင်းပြန်မယ်ဆိုတဲ့ အနေအထားကို ရောက်ခဲ့တာပေါ့။ ဒါပေမဲ့ ဒီတိုက်ပွဲက ဘာလို့ ထဖြစ်တာလဲဆိုရင်တော့ အဲ့ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲ မရှိခင် ကတည်းက ဒီစစ်ရေး တင်းမာမှုက ရှိနေပြီးသား၊ အဲ့ဒီဆွေးနွေးပွဲတုန်းကတည်း ဒီဟာက ဟုတ္တိပတ်တိ မပြောခဲ့ မဆွေးနွေး ဖြစ်ခဲ့ဘူး။ ပြီးတော့ ဒီဆွေးနွေးပွဲကလည်း သဘောတူညီချက်ဆိုပြီး ဘာမှ တိတိပပ မရှိခဲ့ဘူး။

မေး။ ။ SSPP တပ်ဆုတ်ခိုင်းဖို့နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လေကြောင်းလိုင်း အပါအဝင် ခြိမ်းခြောက်မှု အကြိမ်ကြိမ်ရှိခဲ့တော့ SSPP/SSA အနေနဲ့ တပ်ဆုတ်မဆုတ်နဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။

ဖြေ ။ ။ ယုံကြည်မှုဆိုတာ မရှိသေးသရွှေ့ ဆွေးနွေးမှုရလဒ်က ရလဒ်ကောင်း ရလာမှာ မဟုတ်ဘူး။ ရန်ဆောင်မှု၊ ရန်ရှောင်မှုတွေ ဘယ်လောက်ထိ လျှော့ချနိုင်မလဲဆိုတာ အဓိက ကျပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြုတ်တိုက်မယ် ဆိုရင်လည်း နောက်ဆုံးက စားပွဲဝိုင်းမှာပဲ လာတွေ့ကြမှာပဲလေ။ တပ်ဆုတ်ဖို့ ပြောတယ်ဆိုတာကလည်း သူဆုတ် ကိုယ်ဆုတ်ဆိုရင် တစ်မျိုးပေါ့။ တိုက်နေရင်းနဲ့ ကိုယ့်တပ် ပြန်ဆုတ်ဖို့ ဆိုတာ စစ်ရိုး ထုံးစံမရှိဘူး။

မေး ။ ။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်ဆိုတော့ ရှေ့ဆက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်လား။

ဖြေ ။ ။ နှစ်ဦးနှစ်ဖက်ရဲ့ သဘောထား နဲ့ သက်ဆိုင်တာပေါ့။ ဖြစ်နိုင်သေးသရွှေ့ပေါ့။ ဆွေးနွေးစကားဝိုင်းနဲ့ သွားမယ်ဆိုတာ ကျနော်တို့မှာ မူရှိပြီးသားလည်း ဟုတ်တယ်။ အမှတ်တိုင်းပြောရမယ်ဆိုရင် ဒီ SSA ပေါ်လာတယ် ဆိုတာက ဒီမိုကရေစီတွေ ဆိတ်သုဉ်းခဲ့လို့၊ ဖွဲ့စည်းပုံအခြေခံကို အာဏာသိမ်းခဲ့လို့ ဒီ SSA ဆိုတာ ပေါ်ပေါက် လာခဲ့ရတယ်။ နိုင်ငံရေးရဲ့ အရှိန်အဝါ၊ နိုင်ငံရေးရဲ့ ရေချိန်ကို ကျနော်တို့က အတော်လေးကို ဖြတ်သန်းလာခဲ့ရတဲ့ အဖွဲ့လည်း ဖြစ်တယ်ဆိုတော့ ဒါက ရန်စတဲ့သူ စပြီး တိုက်ပွဲကို ဖော်တဲ့သူက ပိုပြီးတော့ သူတို့ရဲ့ သဘောထားက ပိုပြီးတော့ အက္ခရာကျတယ်။ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ကျနော်တို့ သျှမ်း အချင်းချင်းတောင်မှ တိုက်ပွဲ ဖြစ်ခဲ့တာပဲ၊ တခြားအဖွဲ့နဲ့ဆိုရင်လည်း ညှိလို့မရတဲ့ အခြေအနေကို ကြုံလာရင်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားအတိုင်း၊ ညှိလို့ရရင်ရ မရရင်ချဆိုတဲ့ စကားအတိုင်း ဆွေးနွေးမရရင် လက်နက်နဲ့ ဖြေရှင်းမယ်ဆိုတာ ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး။

မေး။ ။ အခု လဲချားမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီးတော့ရော ပြည်သူတွေကို ဘာများပြောချင်ပါလဲ။

ဖြေ။ ။ ပြည်သူတွေကို ဘယ်လိုပြောချင်လဲဆိုတော့ သူတို့က စစ်ရဲ့အနိဌာရုံ မြင်ကွင်းတွေကို အများကြီး ကြုံတွေ့လာခဲ့ရပြီ။ ကျနော်တို့က အတတ်နိုင်ဆုံး ပြည်သူလူထုဘက်က ဆုံးရှုံးနစ်နာမှု မရှိအောင် ကြိုးစား ရှောင်လာခဲ့တယ်။ သူတို့ ပြည်သူလူထုရဲ့ ဒုက္ခကလည်း ကျနော်တို့ရဲ့ဒုက္ခသာ ဖြစ်တယ်။ သူတို့ရဲ့ မငြိမ်းချမ်းမှု ကလည်း ကျနော်တို့ရဲ့ မငြိမ်းချမ်းမှု ဖြစ်တယ်ဆိုတဲ့ဟာက ဒီပြည်သူလူထု နားလည်ထားဖို့ လိုပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဟာ ပြည်သူလူထုဘက်ကပဲ အမြဲတမ်း ရပ်တည်ခဲ့တယ်ဆိုတာကို ပြောချင်ပါတယ်။

မေး။ ။ နောက်တစ်ခုမေးချင်တာက အခုရက်ပိုင်းတွေမှာ သျှမ်းပြည် မြောက်ပိုင်းဘက် စစ်ရေးတွေက နေရာအနှံ့ ဖြစ်လာတာ တွေ့ရတယ်။ ဒါက မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီနဲ့ ညှိနှိုင်းတာ မရတဲ့ အနေအထားပါလား။

ဖြေ။ ။ အဲ့ဘက်ကတော့ နည်းနည်းဟုတ်သလား မဟုတ်သလားဆိုတာ ပြောနိုင်ဖို့ ကတော့ မသေချာဘူး။ အဲ့ဘက်က အဖွဲ့အစည်းပေါင်းစုံ ရှိတဲ့နေရာလည်း ဖြစ်တယ်။ မူရင်းရှိပြီးသား အဖွဲ့တွေရော ထပ်မံပြီးပေါ်လာတဲ့ အဖွဲ့တွေကရော များလှတယ်။ တချို့က စီးပွားရေးကြောင့် ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်သလို တချို့က သူများ အသုံးချခံ အဖွဲ့အနေနဲ့လည်း ရှိနေတယ်။ တော်တော်ကိုရှုပ်ထွေးတဲ့ နယ်မြေအနေအထား ဖြစ်တယ်။ ယေဘုယျအနေနဲ့ ကျနော်တို့ ဆုံးဖြတ်လို့ ဘယ်လိုမှမရပါဘူး။ ပြောဆိုဖို့လည်း စောပါသေးတယ်။ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်။

မေး။ ။ ထပ်မံဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ ။ ။ ပြောချင်တာကတော့ ကျနော်တို့ SSPP တပ်ဖွဲ့ဟာ ပြည်သူဘက်က ရပ်တည်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ ဘယ်လိုမှ ယုံမှားသံသယ မဖြစ်ပါနဲ့။ ယုံကြည်ပါလို့ ကျန်တဲ့အဖွဲ့အစည်းတွေကိုရော ပြည်သူလူထုကိုရော ကျနော် စကားလက်ဆောင် ပြောချင်ပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here