စစ်ကောင်စီက အသာစီးပြန်ရရှိဖို့အတွက် အင်အားဖြည့်တင်းနေတယ်လို့ KNDF ပြောဆို

0
269
ပုံစာ - သိမ်းဆည်းရမိထားသည့် စစ်ကောင်စီအသုံးဆောင်တချို့။

ဇူလိုင်လ နောက်ဆုံးပတ်ကစပြီး ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းကို စစ်ကောင်စီက စစ်ကားအစီးရေ ၁၀၀ ဝန်းကျင်နဲ့ အင်အားဖြည့်တင်းပြီး ဝင်ရောက်လာတာက ကရင်နီပြည်မှာ စစ်ကောင်စီ အကျအဆုံးများနေတာကြောင့် စစ်ရေးအရ အသာစီးပြန်ရနိုင်ဖို့အတွက် ဖြစ်နိုင်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF ) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“အဓိကကတော့ စစ်ကောင်စီက ဒီကရင်နီ စစ်မျက်နှာတွေမှာ အထိနာနေတာဖြစ်ပါတယ်။ အထူးသဖြင့် မယ်စဲ့မြို့နယ်မှာ စစ်ကောင်စီ အထိနာနေတယ်။ နောက်ပြီးတော့ ဖားဆောင်း၊ ဘောလခဲမြို့နယ်တွေမှာလည်း စစ်ကောင်စီက စစ်ကြောင်းတွေ ထိုးနေရတယ်ပေါ့နော။ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွေမှာလည်း သူတို့ စစ်ကြောင်းတွေကတော့ ရှိနေတယ်ဆိုတော့ အဲဒီ ဆိုင်ရာ ဆိုင်ရာ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဒါကို အထိနာနေတာ ရှိတယ်။ ထိခိုက်တာတွေ ရှိတယ်။ နောက်ပြီးတော့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ရိက္ခာတွေ ပို့နိုင်ဖို့ ကိစ္စပေါ့နော။ လူအင်အားဖြည့်နိုင်တဲ့ကိစ္စတွေပေါ့နော။ အဲဒါတွေကို လုပ်နိုင်ဖို့အတွက် နောက်ပြီးတော့ စစ်ရေးအရ အသာစီးရနိုင်ဖို့အတွက်ပေါ့။ သူလက်နက်အင်အားဖြည့်တာလို့ပဲ ကျနော်ပြောချင်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ကရင်နီပြည်တွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်က အကျအဆုံးများနေပြီး လေကြောင်းကိုသာ အဓိက အားကိုးနေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ က စပြီး စစ်ကောင်စီ၏ လက်နက်ရိက္ခာအပြည့် ပါရှိသည့် ယာဉ်တန်းများ မိုးဗြဲမြို့မှတဆင့် ကရင်နီပြည်ထဲကို ဝင်လာခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်း စုစုပေါင်း ၁၀၀ ဝန်းကျင်ပါရှိပြီး မိုးဗြဲမြို့အထွက် လွိုင်ကော်မြို့အဝင် ပြည်ထောင်စု လမ်းမကြီးတလျှောက်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှုခံခဲ့ရပြီး ထိုသို့တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် သေဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ ယာဉ်နှစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNDF က ဆိုသည်။

ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က “အင်အားရှိသလောက်ထုတ်ပြီး ထိုးစစ်လုပ်သည့် တိုင်လည်း အကြမ်းဖက်စစ်ကောင်စီတွေက နယ်မြေပြန်ရယူဖို့ ကြိုးစားနေတယ်။ သို့သော် သူ့တို့စစ်ဆင် သလောက်က အောင်မြင်တယ်ဆိုတဲ့ ကြိုးစားမှုက မရဘဲ အကျအဆုံးများတဲ့ ရလဒ်သာပဲ ကျန်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ စစ်ယာဉ်တန်းများသည် လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ၅၄ တပ်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာလည်း ကရင်နီပြည်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဘက်ကနေ စစ်ကောင်စီရဲ့ တောင်လှ၊ မယ်တနွယ်၊ BP -၁၄၊ မယ်စဲ့မြို့မရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ် အတွင်းကို မြေပြင်ကနေ ယာဥ်တန်းတွေနဲ့ မသွားနိုင်တော့တဲ့အတွက် လေကြောင်းကနေ ရိက္ခာ၊ စစ်ကူတို့ကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here