“ပြေးလာကြတော့ စစ်ရှောင်စခန်းတွေ လိုအပ်တယ်။ စားရေးနေရေး လိုအပ်တယ်။ ပြန်ပြီးတော့ နေဖို့ထိုင်ဖို့တွေက အစ ပြန်တည်ဆောက်ရတယ်။ စာရေးသောက်ရေး အမျိုးမျိုးပေါ့။ ဘဝသစ် ပြန်စရသလို ဖြစ်နေတယ် ” KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်

0
169
ပုံစာ - KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်

ကရင်နီပြည် (ကယားပြည်) မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံစစ်ရှောင် ပြည်သူတွေဟာ နယ်စပ်ဒေသတွေကနေ တဆင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံသူ ၅၀၀၀ ကျော် အထိ ရှိလာခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ စစ်ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကိုပါ ကျုးလွန်လာခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ဒေသခံ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ လတ်တလော နှစ်ဖက်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက် ရေးပါတီ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး ကရင်နီပြည်နယ်နဲ့ ထိုင်းနယ်စပ်ကတိုက်ပွဲ နောက်ဆုံးအခြေအနေ ပြောပြပေးပါဦး။

ဖြေ။ ။ တိုက်ပွဲကတော့ နေ့စဉ်နဲ့အမျှပေါ့၊ ဖြစ်နေတာ ရှိတယ်။ ပြီးခဲ့တဲ့အပတ်တွေကတော့ စခန်းသိမ်းပွဲတွေ ရှိတယ်။ နယ်စပ်မှာ တစ်ညတည်းမှာ စစ်ရှောင်တွေကို ဗုံးကြဲသွားတာ၊ ညသန်းခေါင်အချိန်နဲ့ မိုးလင်းပိုင်းမှာ နှစ်နေရာသုံးနေရာ တိုက်ခိုက်သွားတာ။ အခုကတော့ ယာယီစခန်းတွေ ချထားပေးပြီး ကူညီနေတာ ရှိပါတယ်။

မေး။ ။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကရော ဘယ်လိုအခြေအနေရှိနေပါလဲ။

ဖြေ။ ။ ပြေးလာကြတော့ စစ်ရှောင်စခန်းတွေ လိုအပ်တယ်။ စားရေးနေရေး လိုအပ်တယ်။ ပြန်ပြီးတော့ နေဖို့ထိုင်ဖို့တွေက အစ ပြန်တည်ဆောက်ရတယ်။ စာရေးသောက်ရေး အမျိုးမျိုးပေါ့။ ဘဝသစ် ပြန်စရသလို ဖြစ်နေတယ်။ ဒါကလည်း ကျွန်တော်တို့ ရေရှည်ပုံစံတော့ ဟုတ်မနေဘူး။ ထိုင်းက ပေါ်လစီချထားတော့ နောက်ထပ် ဒုက္ခသည်စခန်း အသစ်တွေအတွက် သူတို့မှာ ပေါ်လစီ ရှိမနေတဲ့အခါကျတော့ အခုလက်ခံထားတဲ့ ပုံစံကတော့ ဒါက အသက်အန္တရာယ်ရှိတဲ့အတွက် ဒါက လူသားချင်းစာနာ ထောက်ထားမှုအနေနဲ့ လက်ခံတဲ့ သဘောပဲ။ ဒါပေမယ့် အခြေအနေက နည်းနည်းပြန်ပြီးမှ တည်ငြိမ်တယ်ဆို ပြန်သွားရမယ့်သဘော ဖြစ်တာပေါ့။

မေး။ ။ တိုက်ပွဲအတွင်း မယ်စဲ့ဘက်မှာ ပိတ်မိနေတဲ့ ဒေသခံတွေ ရှိသေးတယ်လို့ ကြားရပါတယ်။ သူတို့ထွက် လာနိုင်အောင် ဘာတွေ လုပ်ဆောင်နေပါလဲ။

ဖြေ။ ။ အဲဒါအတွက်ကတော့ သူ့နည်းသူ့လမ်းနဲ့ပေါ့၊ နည်းနည်းကြိုးစားဆောင်ရွက်နေတာ ရှိပါတယ်။ ဒီဒုက္ခသည်တွေက သိပ်တော့မများပါဘူး။ ပိတ်မိနေတာက ဖြစ်သွားတဲ့နေရာလောက်ပါပဲ။ အထဲထဲက ဟာတွေက ထိန်းချုပ်နယ်မြေထဲမှာ ရှိပြီးသားပါ။

မေး။ ။ လက်ရှိမှာ စစ်ရှောင်ပြည်သူတွေ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရပါလဲ။

ဖြေ။ ။ အဓိက စစ်ကောင်စီက အခု တိုက်ပွဲ မဖြစ်ဘဲနဲ့ စစ်ရှောင်စခန်းတွေကို တိုက်တာ။ ဒါကတော့ စစ်ရာဇဝတ်မှုကို တော်တော်လေး ကျုးလွန်တာပေါ့။ လူသားမျိုးနွယ်စုဆိုင်ရာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်။ သူတို့က အရပ်သားတွေ ဖြစ်တယ်။ တိုက်လိုက်တဲ့ နေရာတွေကလည်း အခုနောက်ပိုင်းမှာ ဆေးခန်းတွေ၊ ကျောင်းတွေ၊ ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေရှိတဲ့ နေရာတွေပဲ၊ ဒါကတော့ တအားရှင်းတယ်။ တိုက်ပွဲလည်း ဖြစ်တဲ့နေရာတွေ မဟုတ်ဘူး။

အဓိက သူတို့အတွက် လိုအပ်ချက်က လုံခြုံရေးပေါ့။ လုံခြုံရေးက အဓိက လိုအပ်တယ်။ စစ်ရှောင်ဆိုလည်း တစ်နေရာတည်း မရဘူး။ ဘာလို့ဆို စစ်ကောင်စီက ပြည်တွင်းထဲက စစ်ရှောင်ဆိုလည်း နေ့စဉ်နဲ့အမျှ ဗုံးကြဲတာ။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး ထုတဲ့ဟာမျိုးတွေ ရှိတဲ့အခါ ကျွန်တော်တို့က အန္တရာယ်ရှိတယ်။ စစ်ရှောင် စခန်းက လူတွေက သူတို့ရဲ့ကျန်းမာရေး၊ လူမှုရေး၊ ပြင်ပက အထောက်အပံ့တွေ မှီခိုနေရတာ ဖြစ်တယ်။ စစ်ရှောင်စခန်းတွေမှာ ဘာမှလည်း စိုက်ပျိုးရေး လုပ်ငန်း လုပ်လို့ မရဘူး။

နောက်ပြီး တစ်နေရာကနေ တစ်နေရာ ရွေ့နေရတယ်ဆိုတော့ သူတို့ရဲ့ စားဝတ်နေရေး ကလည်း အဓိက ဖြစ်တယ်ပေါ့။ နောက် သူတို့အတွက် အမိုးအကာပေါ့။ သာမာန်လူတွေလိုမျိုး သူတို့က အမိုးအကာ မရှိတဲ့အတွက် ရာသီအလိုက် ရောဂါတွေ ဖြစ်တာတွေ၊ နောက်ပြီး ရေရှားပါးမှုကြောင့် ကူးစက်ရောဂါတို့၊ ရာသီအလိုက်ဖြစ်တဲ့ ရောဂါတွေ ကျန်းမာရေးကလည်း အဓိက ဖြစ်တယ်။ စစ်ရှောင် စခန်းတွေမှာ အဓိက ကြုံတွေ့ရတဲ့အရာတွေ ဖြစ်တယ်။

မေး။ ။ စစ်ဘေးရှောင်တွေကို ထိုင်းအစိုးရကရော လက်ခံထားတယ်လို့ သိရတယ်။ ဘယ်လို အခြေအနေတွေ ရှိနေပါလဲ။

ဖြေ။ ။ သူတို့ကတော့ အခုလောလောဆယ် စစ်ရှောင်တွေရဲ့ စီမံခန့်ခွဲမှုကို တာဝန်ယူထားတယ်။ နောက်ပြီးတော့ သူတို့ လုံခြုံရေးကိစ္စတွေ လုပ်ထားတယ်။ နောက်ပြီးတော့ ပြင်ပကနေ လာရောက်ကူညီတာတွေ သူတို့ စီမံခန့်ခွဲမှုအောက်ကနေ သွားရတယ်။ လိုချင်တဲ့သူအားလုံးက သူတို့ဆီမှာပဲ ဖြတ်သွားရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒီလိုမျိုးပဲ လုပ်ထားတယ်၊ လောလောဆယ်ပေါ့နော်။ ကရင်နီ ကျန်းမာရေးနဲ့ သူတို့နဲ့ပူးပေါင်းပြီး လုပ်နေတာ ရှိတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here