စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရသူများ ၅ ရက် ကြာလာသည့်တိုင် ပြန်လွတ်မလာသေး

0
240
ပုံစာ - စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် ခရီးသည်တင်ယာဉ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင် ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရသည့် ဒေသခံ ၁၉ ဦးသည် ယနေ့အချိန်ထိ ပြန်မလွတ်လာ သေးကြောင်း ဒေသခံများက ပြောသည်။

ခလယ်-တံခွန်တိုင် ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၁၉ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ခလယ်-တံခွန်တိုင် ဒေသခံတစ်ဦးက “နှစ်ဘက်တိုက်ပွဲတွေလည်း ဆက်တိုက် ဖြစ်နေတယ်။ နောက်ပြီး အဘစ် အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ ဒီဘက် (ခလယ်-တံခွန်တိုင်) လှမ်းပစ်တော့ ရွာထဲမှာလည်း မနေရဲကြတော့ဘူး။ အခုဆိုရင် ရွာမှာ လူမရှိကြတော့ဘူး။ ဘေးလွတ်ရာကို ရှောင်ကုန်ကြတယ်” ဟု ပြော သည်။

ခလယ် – တံခွန်တိုင် ဒေသအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၆) နှင့် နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ ဇူလိုင်လ ၁၄ ရက်နေ့က တနေကုန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုနေ့မှ စပြီး ယနေ့အချိန်ထိ နှစ်ဘက်အကြား ပစ်ခတ်မှုများ၊ တင်းမာမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေစဉ်တွင် ခရီးသည်တင်ယာဉ်တစ်စီး ဖြတ်သန်းရောက်ရှိ လာရာတွင် ထိုခရီးသည်တင်ယာဉ်ကို စစ်ကောင်စီတပ်ဘက်က ကျည်ကွယ်ရရှိရန် ယာဉ်အား ရပ်တန့်စေပြီး ပစ်ခတ်မှုများ ပြုခဲ့သည်ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ ထိုသို့ ခရီးသည်တင်ယာဉ်အား ပစ်ခတ်ခဲ့သည့်အတွက် ကားပေါ်စီးနင်းလိုက်ပါလာသည့် ခရီးသည် အရပ်သား ၂ ဦး သေဆုံးပြီး၊ ကျန်ခရီးသည် ၁၇ ဦးမှာလည်း ဒဏ်ရာကိုယ်စီဖြင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခံခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ယင်းနေ့ ည ၉ နာရီအချိန်ခန့်တွင် ဖမ်းဆီးခံထားရသည့် အရပ်သား ၂ ဦးမှာ မိုးရွာနေသည်ကို အခွင့်ယူ၍ ထွက်ပြေးလွတ်မြောက်လာပြီး ၎င်းတို့ဘက်က ကောင်းစွာ စောင့်ရှောက်ထားကြောင်း နဂါးနီးစစ်ကြောင်းက ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ခရီးသည် ၁၅ ဦး အပြင် ဇူလိုင်လ ၁၅ ရက်နေ့က ခြံလုပ်နေသည့် ပုလိန်ရွာသား ၄ ဦးကိုလည်း ဖမ်းဆီးခဲ့သွားရာတွင် လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က အရပ်သား ၁၉ ဦးကို ဖမ်းဆီးထားဆဲ ဖြစ်သည်ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာနေသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၃၁၈) မှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်လိုလို ပစ်ခတ်နေသည် ဟုလည်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက အမြောက်တပ် (၃၁၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် တံခွန်တိုင်ကျေးရွာမှ အသက် ၁၆ နှစ်နှင့် အသက် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦး ကျည်စ ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။

အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၃၁၈) မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ပုလိန်၊ ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း အစ ရှိသည့် ကျေးရွာများမှ ူ ထောင်နှင့်ချီသည့် ကျေးရွာခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

နဂါးနီစစ်ကြောင်း၏ ထုတ်ပြန်ထားချက်အရ ခလယ်-တံခွန်တိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးပြီး၊ ၁၈ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တော်လှန်ရေး အင်အားစုဘက်က ၅ ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here