အကျဉ်းထောင်အတွင်း ဆန္ဒပြခဲ့သည့် နိုင်ကျဉ်းများကို ထောင်ဒဏ် ၃ နှစ်စီ တိုးမြှင့်ချမှတ်

0
208
ပုံစာ - ပုသိမ်အကျဉ်းထောင်မှ နိုင်ကျဉ်းများကို ထောင်ဒဏ် ၃ နှစ်စီ တိုးမြှင့်ချမှတ်လိုက်သည်။

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်အတွင်း ဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) ၆၂ ဦးကို ပုသိမ်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ထပ်တိုး အမိန့်ချလိုက်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက “ဆန္ဒပြတဲ့အထဲမှာပါတဲ့ ၆၂ ယောက်လုံးကို ထောင်စည်ကမ်းဖောက်လို့ ထောင်ဆူအောင်လုပ်လို့ ပုဒ်မ ၄၂ နဲ့ ‌ထောင်ဒဏ် ၃ နှစ်ချလိုက်တာ” ဟု ပြောသည်။

အဆိုပါ နိုင်ကျဉ်း ၆၂ ဦးသည် ပြီးခဲ့သည် ဇန်နဝါရီလက အကျဉ်းထောင်အတွင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့ကို ဇူလိုင်လ ၆ ရက်နေ့၌ ပုသိမ်အကျဉ်းထောင်တွင်းရှိ အထူးတရားရုံးမှာပင် ထပ်တိုး အမိန့် ၃ နှစ်စီ ချခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တချို့က အတည်ပြု ပြောဆိုသည်။

ပုသိမ်အကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းက နိုင်ငံရေးအကျဉ်းသား ၈ ဦးကို စစ်ဆးရန် ရှိသည်ဟုဆိုကာ ခေါ်ထုတ်သွားပြီး နောက်နေ့တွင် ၇ ဦးမှာ ဒဏ်ရာများနှင့် ပြန်ရောက်လာသည့်အပြင် တစ်ဦးမှာ ပျောက်ဆုံးနေသောကြောင့် ထောင်တွင်းဆန္ဒပြမှု ဖြစ်ခဲ့သည်ဟု အကျဉ်းထောင်ဝန်ထမ်း တချို့က ပြောသည်။

ယင်းသို့ ထောင်တွင်းဆန္ဒပြသည့်နေ့မှ စတင်၍ ထောင်ဝင်စာ ပေးပို့မှုကို ၆ လ ခန့် ရပ်ထားခဲ့ရာတွင် အစားအသောက်နှင့် ဆေးဝါးများ အခက်အခဲ ကြုံခဲ့ရသည်ဟု ယင်းထောင်မှ လွတ်ရက်စေ့လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။

“၈ ယောက်ကိုတော့ ခေါင်းဆောင်တွေဆိုပြီး အဲဒီနေ့ထဲက တိုက်ပိတ်ခံရတာ၊ ကျန်တဲ့သူတွေကိုတော့ သံခြေကျင်းနဲ့ ထောက်တွေ ခတ်ထားထားတယ်” ဟု ထောင်မှလွတ်လာသူက ပြောဆိုသည်။

ထောင်တွင်း ဆန္ဒပြပြီးနောက်ပိုင်း အကျဉ်းသား နှစ်ဦး (သို့မဟုတ်) သုံးဦးကို ညစဉ်ခေါ်ထုတ်၍ ရိုက်နှက် ညှဉ်းပမ်းမှုများကို ၅ လခန့် ကြာမြင့်သည်အထိ ထောင်ဝန်ထမ်းများက နိုင်/ကျဉ်းများအပေါ် လုပ်ခဲ့သည်ဟု လွတ်ရက်စေ့ လွတ်မြောက်လာသူက ပြောသည်။

ဆန္ဒပြ အကျဉ်းသားများကို ပေ ၄၀ ခန့်ရှိ အခန်းတစ်ခန်းထဲတွင် စုပေါင်းထားရှိပြီး ရေချိုးချိန် မိနစ် ၃၀ ခန့်သာ အခန်းပြင်ပသို့ ထွက်ခွင့်ပေးသည်ဟု ထောင်ဝန်ထမ်းများနှင့် နီးစပ်သူ တချို့က ပြောသည်။

နိုင်/ကျဉ်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက “အဲဒီ ပြဿနာ ဖြစ်ပြီးထဲက မိသားစုတွေဆီကို ဖုန်းနဲ့ငွေတောင်း တယ် အကြောင်းအမျိုးနဲ့ပေါ့၊ အရေးအကြီးဆုံးက ထောင်ပြောင်း မပါချင်ရင် ဘယ်လောက်ပေးရမယ်ပေါ့၊ အတော်များများဆီမှာ တောင်းတာ” ဟု ပြောသည်။

ပုသိမ်ထောင် အဓိကရုဏ်းအတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး (ခ) ရာစု သေဆုံးခဲ့ပြီး အခြားအကျဉ်းသားပေါင်း ၆၄ ဦး မှာ ဒဏ်ရာများ ရရှိခဲ့သည်ဟု နိုင်/ကျဉ်း မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။

ထိုအပြင် အကျဉ်းထောင် ဝန်ထမ်းများ၏ ညှင်းပန်းနှိပ်စက် ရိုက်နှက်မှုများကြောင့် ကိုမဲကြီး၊ ကိုဖိုးလပြည့်၊ ကိုစည်သူအောင်၊ ကိုညီထွန်းတို့ အပါအဝင် နိုင်ကျဉ်းအားလုံး ဒဏ်ရာကိုယ်စီ ရရှိထားခဲ့ကြပြီး ကိုဝင်းထွန်းနိုင်မှာ သွားများကျိုး၍ နားလေးသွားသည့်အပြင် ဦးဇော်ထိုက်ဆိုသူမှာမူ နားလုံးဝ မကြားရတော့ဘူးဟု အကျဉ်းဦးစီး ဌာနနှင့် နီးစပ်သူများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here