“စကစ က KIA ရှိတဲ့ဘက်ကို စစ်ကြောင်းထိုးတာများလို့ KIA နဲ့ ထိတွေ့တိုက်ပွဲ ပိုများနေတာပါ။ ကျနော်တို့ KIO/KIA အနေနဲ့လည်း သူတို့စခန်းကို တက်သိမ်းတဲ့ တိုက်ပွဲတွေကို မလုပ်ရသေးဘူး။ သူတို့တက်လာလို့ ကျနော်တို့ ပြန်ခုခံနေတာမျိုးပဲ ရှိတယ်” ဗိုလ်မှူးကြီးနော်ဘူ (KIO/KIA ပြောရေးဆိုခွင့်ရှိသူ)

0
455
ပုံစာ - KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ထိတွေ့တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။ ဒီလို နှစ်ဘက် တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာဟာ စစ်ကောင်စီဘက်က နယ်မြေထိန်းချုပ်လိုမှုကြောင့် ဖြစ်တယ်လို့ KIO/KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့အနေနဲ့ သျှမ်းပြည်အတွင်း ဘယ်လို စစ်ဆင်ရေးတွေ ထားရှိနေလဲ ၊ စစ်ကောင်စီရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှု အပေါ်မှာရော ကချင်လွတ်လပ်ရေး တပ်မတော် KIA ဘက်က ဘယ်လိုအမြင်ရှိလဲ ဆိုတဲ့အကြောင်း သိနိုင်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို အခုလို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ လတ်တလော ကာလအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ KIA တပ်ဖွဲ့တို့ သျှမ်းမြောက် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ သတင်းသိရပါတယ်။ ဒါ ဟုတ်လားရှင့်။

ဖြေ။ ။ ဟုတ်ပါတယ်။ ထိတွေ့တိုက်ပွဲ သတင်းတွေကတော့ မကြာခဏ တက်လာတာ ရှိပါတယ်။ မနေ့ကလည်း ကွတ်ခိုင်မြို့နယ်က ခိုမုန်းကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတဲ့သတင်း တက်လာပါတယ်။ တစ်နေ့တည်း နှစ်ကြိမ်ဖြစ်တာ။

မေး။ ။ အခုလိုမျိုး စစ်ကောင်စီ နဲ့ KIA တပ်ဖွဲ့ကြားက ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု များလာတာဟာ ဘာကြောင့် ဖြစ်လာတာပါလဲ။

ဖြေ ။ ။ ပြောရမယ်ဆိုရင် ဒါက အပိုင်းနှစ်ပိုင်း ရှိတယ်။ ပထမ တချက်က လိုင်ဇာ နဲ့ ၁၀ မိုင် ဝန်းကျင်လောက် ဝေးတဲ့ နမ့်ဆန်ယန်ကျေးရွာဘက်မှာ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ အဲ့ဒီ နမ့်ဆန်ယန်ကတော့ မြစ်ကြီးနား – ဗန်းမော် ကားလမ်းပေါ်မှာ ရှိနေတဲ့ ကျေးရွာလည်း ဖြစ်နေပါတယ်။ အဲ့ဒီနေရာက အရင်တုန်းက တပ်မတော်တွေ ထိန်းချုပ်တဲ့ ၊ စကစတွေ ထိန်းချုပ်တဲ့ နယ်မြေ ဒေသ ဖြစ်ခဲ့ဖူးတာပေါ့။ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အဲ့အနားပတ်ဝန်းကျင်က သူတို့တပ်စခန်းတွေ အကုန်လုံး ဆုတ်သွားတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် နမ့်ဆန်ယန်ကို ထိန်းချုပ်ချင်လို့၊ မြစ်ကြီးနား – ဗန်းမော် လမ်းမကြီးကို ပြန်လည် ထိန်းချုပ်ချင်လို့ ထိုးစစ်ဆင်လာတာကို ကျနော်တို့က ပြန်လည် ခုခံရင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရပါတယ်။ နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်တယ်။ လက်နက်ကြီးတွေ လှမ်းပစ်တာ ရှိတယ်။ ဗန်းမော်ဘက်ကနေလည်း စစ်ကူ စစ်ကြောင်း တွေ ထိုးလာတာလည်း ရှိနေပါတယ်။ တင်းမာနေဆဲ အခြေအနေ ဖြစ်ပါတယ်။

သျှမ်းမြောက် ဒေသတလျှောက်မှာလည်း ကျနော်တို့တပ်ဖွဲ့နဲ့ ထိတွေတိုက်ပွဲ ဖြစ်ပွားလာတာ ရှိနေပါတယ်။ ပြီးတော့ စကစက ကချင်တို့၊ ချင်းတို့ကို စစ်ဆင်ရေးလုပ်ဖို့ ရှိသလို သျှမ်းပြည်ကိုလည်း အဲ့လိုလုပ်ဖို့ ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ သျှမ်းမြောက်ဘက်မှာဆိုလည်း ပြည်ထောင်စုလမ်းမကြီး ဖြစ်တဲ့ ကွတ်ခိုင် – လားရှိုး လမ်းမကြီးကို ထိန်းချုပ်ချင်တာ တပိုင်းပေါ့။ တခြားကိစ္စတွေလည်း ပါနိုင်တာပေါ့။ ဒါက ကျနော် သုံးသပ်တာပါ ၊ တခြားရန်သူရဲ့ ဗျူဟာတွေကိုတော့ ကျနော်လည်း အတိအကျ မသိရဘူးလေ။ ဒါပေမဲ့ ထင်ထင်ရှားရှားဖြစ်တာ ကတော့ အဲ့ဒီ ဗန်းမော်လမ်းမကြီးကို ပြန်လည်ထိန်းချုပ်ချင်လို့ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်တာကတော့ သိသာတဲ့ တချက်ပေါ့။

မေး ။ ။ အခုလိုမျိုး KIO/KIA ကြား တိုက်ပွဲတွေ ပြင်းထန်တာဟာ နွေဦး လက်နက်ကိုင်တော်လှန်ရေး ကာလမှာ ပါဝင်ကူညီပေးခဲ့လို့ စကစက ဝင်တိုက်နေတာဆိုတဲ့ ပြောဆိုသုံးသပ်ချက်တွေလည်း တွေ့ရပါတယ်။ ဒီအပေါ် မှာရော ဘယ်လိုမြင်မိပါလဲရှင့်။

ဖြေ။ ။ ဒါကတော့ စစ်ကောင်စီဘက်က သပ်သပ်စွပ်စွဲချင်တယ်လို့ပဲ မြင်ပါတယ်။ နွေဦးတော်လှန်ရေး ဆိုတာက KIO/KIA ကြောင့် ဖြစ်ပေါ်လာတာလည်း မဟုတ်ပါဘူး။ အဲ့ဒီ NUG တွေ/ PDF တွေ ဆိုတာကတော့ စကစ အာဏာသိမ်းလို့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ PDF တွေဆိုတာကလည်း လူငယ် / လူတော်တွေ ပါဝင်တယ်။ အဲ့လို နည်းပညာပိုင်းတွေ ကျွမ်းကျင်တဲ့ လူငယ်တွေကနေ လက်နက်တွေတောင် ထုတ်လုပ်နိုင် ခဲ့ကြပြီလေ။ ကျနော်တို့ တပ်ဖွဲ့ဆိုတာကလည်း PDF တွေကို စစ်သင်တန်းတွေ ကူညီပြီး ပေးခဲ့တယ်ဆိုပေမဲ့ အစောပိုင်းတုန်းက ဟုတ်ပါတယ်။ အခုက မရှိတော့ပါဘူး။ သူတို့ဘာသာ ရှေ့ဆက်ကို သွားနိုင်ခဲ့ကြပါပြီ။

မေး ။ ။ အခုဆိုလည်း စစ်အာဏာသိမ်းတာ နှစ်နှစ်ကျော်ကြာလာခဲ့ပြီပေါ့နော်။ ဒီနှစ်နှစ်ကျော် ကာလအတွင်းမှာ တော်လှန်ရေးလှုပ်ရှားမှုအပေါ် ဘယ်လိုမြင်မိလဲဆိုတာလည်း ပြောပေးပါအုံးရှင့်။

ဖြေ။ ။ တော်လှန်ရေးဘက်တော်သားတွေကလည် လှုပ်ရှားနေတယ်။ လှုပ်ရှားလို့ ရနေတာပဲ၊ သူတို့နည်းဗျူဟာ အတိုင်း လှုပ်ရှားဆောင်ရွက် နိုင်နေတာကို တွေ့ရပါတယ်။ ကြားရပါတယ်။ အခုဆိုရင်လည်း ရဲဘော်အသစ်တွေ လည်း များသထက်များ လာတယ်လို့ ကြားမိပါတယ်။ အသေးစိတ်တော့ မသိရဘူးနော်။

မေး ။ ။ သျှမ်းမြောက်ဒေသအတွင်းမှာ စစ်ကောင်စီ နဲ့ KIO/KIA ထိတွေ့တိုက်ပွဲ ဖြစ်နေတာနဲ့ ပတ်သက်ပြီး KIO/KIA ရဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အားလုံးကတော့ စစ်ကောင်စီကို တော်လှန်တိုက်ထုတ်နေကြတဲ့ အဖွဲ့ချည်းပါပဲ။ တဖွဲ့နဲ့တဖွဲ့ ရပ်တည်ချက် မတူဘူး၊ အခြေအနေလည်း မတူဘူး ဖြစ်နေတော့ အခုလိုမျိုး KIO/KIA ရှိတဲ့ နေရာဘက်ကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေတာကတော့ ပိုများနေတာပေါ့။ အခုအခြေအနေကတော့ စကစ က KIA ရှိတဲ့ဘက်ကို စစ်ကြောင်းထိုးတာများလို့ KIA နဲ့ ထိတွေ့တိုက်ပွဲ ပိုများနေတာပါ။ ကျနော်တို့ KIO/KIA အနေနဲ့လည်း သူတို့စခန်းကို တက်သိမ်းတဲ့ တိုက်ပွဲတွေကို မလုပ်ရသေးဘူး။ သူတို့တက်လာလို့ ကျနော်တို့ ပြန်ခုခံနေတာမျိုးပဲ ရှိတယ်။

မေး။ ။ KIO/KIA တပ်ဖွဲ့အနေနဲ့ရော သျှမ်းပြည်မြောက်ပိုင်းအတွင်း အတူတကွသွားလာ လှုပ်ရှားတဲ့ မဟာမိတ် တပ်ဖွဲ့အချင်းချင်းကြား ချိတ်ဆက်ဆောင်ရွက်မှုက ဘယ်လောက် အရေးကြီးတယ်လို့ ထင်မိပါလဲ။

ဖြေ။ ။ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းဆိုတော့ ပိုပြီးတော့ အရေးပါတာပေါ့။ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ အတွက် ကျနော်တို့ လက်တွဲပြီးမှ တော်လှန်ရေးလုပ်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေချည်းဖြစ်တယ်ဆိုတော့ မဟာမိတ် အချင်းချင်းကြား ချိတ်ဆက်မှုက အရေးကြီးပါတယ်။

မေး။ ။ အခုချိန်မှာဆိုရင် အာဏာသိမ်းစစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိနေသလို၊ တချို့ကလည်း စစ်ကောင်စီနဲ့ ဆွေးနွေးမှု မလုပ်ဘဲ ဆန့်ကျင်တော်လှန်နေကြတဲ့ အဖွဲ့လည်း ရှိနေပါတယ်။ ဒီအဖွဲ့အပေါ်မှာရော ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုမြင်မိပါလဲရှင့်။

ဖြေ။ ။ ဆွေးနွေးပွဲဆိုတဲ့ အခါမှာ အခုချိန်က ပြီးပြည့်စုံတဲ့ နိုင်ငံရေး ဆွေးနွေးပွဲရှိမှာ မဟုတ်ဘူးလို့ ကျနော်ကတော့ မြင်မိပါတယ်။ ဒါကြောင့် သူတို့ ဆွေးနွေးတယ်ဆိုတာကလည်း ကိုယ့်အဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ လိုအပ်ချက်တွေကို ကြည့်ပြီးတော့မှ ဆွေးနွေးတာလောက်ပဲ ဖြစ်မှာပါ။ နိုင်ငံရေး ဆွေးနွေးမှု အနေအထား မရှိဘူးလို့ ကျနော်ကတော့ သုံးသပ်မိပါတယ်။

မေး။ ။ သျှမ်းပြည်အတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုအနေနဲ့ အနာဂတ် သျှမ်းပြည်ကို ဘယ်လို ဖြစ်စေချင်ပါလဲ။

ဖြေ။ ။ ဒါကတော့ နိုင်ငံရေးအပိုင်း ဖြစ်တယ်။ ကျနော်ကတော့ နိုင်ငံရေး လေ့လာသုံးသပ်တဲ့ နေရာမှာတော့ မရဘူး။ သျှမ်းပြည်ပဲဖြစ်ဖြစ်၊ ကချင်ပြည်ပဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်း နဲ့ အဆင်ပြေပြေ နေနိုင်ဖို့ပဲ အားထုတ် ကြိုးပမ်းမှာပါ။ တိုင်းရင်းသားတွေအားလုံး ရသင့်ရထိုက်တဲ့ နိုင်ငံရေး အခွင့်အရေးတွေ ရရှိဖို့ အရေးကြီးတဲ့အချက် ဖြစ်မှာပါ။

မေး။ ။ ထပ်မံဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ။ ။ မရှိတော့ဘူး။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here