ညောင်လေးပင်ခရိုင် ဒေသခံများ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုများ ဆက်ရှိနေလို့ နေရပ်မပြန်ရဲကြသေး

0
137
ပုံစာ -ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေးတိမ်းရှောင်နေကြသည့်ဒေသခံတချို့(Photo – KNU)

ကရင်အမျိုးသားအစည်းအရုံး/ KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ မှစ၍ လက်ရှိအချိန်အထိ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်လက်ရှိနေဆဲဖြစ်လို့ ဒေသခံများ နေရပ်ပြန် မနေထိုင်ရဲကြကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်မှုများကြောင့် ကျေးရွာနေဒေသခံ ၄၀၀၀ ကျော်သည် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ယနေ့အထိလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ ဆက်ရှိနေတာကြောင့် နေရပ်ပြန်မနေရဲကြကြောင်း ဒေသခံများနှင့် စစ်ရှောင်များကိုကူညီပေးနေသူများက ပြောဆိုသည်။

ဒေသခံအမျိုးသားတစ်ဦးက “ရန်မျိုးအောင်ကလူတွေဆို သူတို့ရွာကနေ ရေတွင်းကုန်းတို့ ဥသျှစ်ကုန်းတို့မှာ ခိုကပ်ပြီးနေကြတာ၊ အခု အဲ့ရွာတွေပါ လက်နက်ကြီးရောက်တော့ ထပ်ပြေးရပြန်ရော၊ စစ်တပ်က ပစ်တာက တနေရာတည်းက မဟုတ်ဘူး။ ရွာနှစ်ရွာကနေ အထိုင်ချပြီး ပစ်နေတာ၊ ရွာသားတွေဆိုရင်လည်း သူတို့ စစ်ကြောင်း ထိုးလာပြီဆိုတာနဲ့ ညောင်ပင်သာမှာလို ထပ်ဖြစ်မှာစိုးလို့ ကြိုရှောင်ကြရတယ်” ဟု ပြောသည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ ရေတွင်းကုန်း၊ ညောင်ကုန်း၊ သပြေကုန်း၊ ရန်မျိုးအောင်၊ ဥသျှစ်ကုန်း အစရှိသည့် ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာတွင် ဒေသခံ၂ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး/ KNU ဗဟိုက ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ကြား ဇူလိုင် ၁ ရက်နေ့ မှ ဇူလိုင် ၅ ရက်နေ့ အတွင်း တိုက်ပွဲပေါင်း ၉ ကြိမ် ခန့် ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး/ KNU ဗဟိုက ထုတ်ပြန်ချက်တွင် ပါရှိသည်။

နှစ်ဘက်တပ်အကြား ပစ်ခတ်မှုကြောင့် စာရင်းအတိအကျ ကောက်ခံ၍ မရသေးသော စစ်ဘေးရှောင် ပြည်သူများလည်း ထပ်ရှိနိုင်ပြီး လတ်တလောတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသား၊ အမျိုးသမီးများ အပါအဝင် လူဦးရေ ၂၀၀၀ ကျော် ကိုသာ ထောက်ပံ့မှု ပေးနိုင်သေးသည်ဟု ညောင်လေးပင် ခရိုင်အတွင်း စစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုများပေးနေသည့် ကရင်အရပ်ဘက်အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“ကျနော်တို့ စာရင်းကောက်ခံရရှိထားတာတော့ လူဦးရေ ၂ ထောင်ကျော်ပေါ့၊ အဲဒီလူတွေအတွက်လည်း ထောက်ပံ့ပေးနေတယ် ဆိုပေမယ့် လိုအပ်ချက်ကတော့ ရှိနေသေးတယ်။ မိုးတွင်းကာလလည်း ဖြစ်တယ်၊ ခြင်ကိုက်တာလည်း များပြီး တုပ်ကွေးဖျားနာတာတွေ ဖြစ်လာတော့ ဆေးဝါးတွေလည်း လိုတယ်။ ဆန်နဲ့ ခြင်ထောင်တွေ စောင်တွေလည်း လိုတယ်” ဟု အဆိုပါအဖွဲ့ဝင်က ပြောသည်။

ဇူလိုင် ၇ ရက်နေ့ ကေအဲန်ယူ/KNU၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ လက်နက်ကြီးအလုံး ၁၀၀ ကျော် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ နေအိမ် ၁၃ လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် စစ်ကောင်စီတပ်များက အုန်းပင်စု ကျေးရွာအတွင်း ဝင်ရောက်၍ ဘုန်းကြီးကျောင်းတွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ဒေသခံများထံမှ ဖုန်း ခုနှစ်လုံးနှင့် ကျပ်ငွေ ၂၅ သိန်းကျော်ကိုလည်း အတင်းအကြပ်ယူဆောင် သွားခဲ့ကြောင်း ဖော်ပြပါရှိသည်။

ထို့အတူ ဇူလိုင် ၁ ရက်နေ့ မှ ဇူလိုင် ၅ ရက်နေ့ အထိ စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားသည့် တိုက်ပွဲ ၉ ကြိမ်တွင် စစ်ကောင်စီဘက်မှ ၃၂ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းနှင့် ပူးပေါင်းတပ် ဘက်မှ ၁ ဦး သေဆုံး၍ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here