လုံခြုံစိတ်ချရသည့် နေရာတွင် ခိုလှုံခွင့်ပေးရန် ကရင်နီစစ်ရှောင်များ တောင်းဆို

0
148
ပုံစာ - ဒေါနိုးကူး စစ်ဘေးရှောင်စခန်းရှိ ကရင်နီစစ်ဘေးရှောင်တချို့။

နိုင်ငံတကာ အနေဖြင့် ကရင်နီစစ်ဘေးရှောင်များကို စာနာသောအားဖြင့် နေထိုင်ဖို့ လုံခြုံစိတ်ချရသည့် နေရာတစ်ခုကို ဖန်တီးပေးရန်နှင့် နယ်မြေဒေသများကို စွန့်ခွာထွက်ပြေးရခြင်းကို အဆုံးသတ်နိုင်အောင် လုပ်ဆောင် ပေးစေချင်သည်ဟု ကရင်နီစစ်ဘေးရှောင်များက ပြောသည်။

ဒီးမော့ဆိုမြို့နယ် ဒေါလျားခူကျေးရွာကနေ ဒေါနိုးကူး စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာသည့် စစ်ဘေးရှောင် အမျိုးသမီး ဒေါ်လှလှဝင်းက “ကျမတို့ နိုင်ငံတကာကို တောင်းဆိုချင်တာကတော့ပေါ့နော ကျမတို့ ဘဝ ရှေးအဆက်ဆက်ကလည်း ပြေးခဲ့ပြီးပြီ၊ ကျမတို့ဘဝလည်း ပြေးခဲ့တယ်၊ ကျမတို့ သားသမီးတွေလည်း အဲလိုမျိုး ရှေ့ဆက်ပြီးပေါ့နော နောက်လာမယ့် နောင်လာနောင်သားတွေပေါ့နော ကျမတို့ထပ်ပြီး မပြေးစေချင်ဘူး။ ကောင်းကောင်းမွန်မွန်ပဲ နေခိုင်းစေချင်တယ်” ဟု ပြောဆိုသည်။

မိမိတို့ဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကရင်နီပြည် ဒေသခံများသည် ဒေါနိုးကူးစစ်ဘေးရှောင် စခန်းတွင် လာရောက်ခိုလှုံ နေထိုင်ကြရသော်လည်း လုံခြုံမှု မရှိသလို ခံစားနေကြရသည့်အပြင် စစ်ကောင်စီက လေယာဉ်နှင့် လာရောက်ဗုံးကြဲမှာကို စိုးရိမ်နေရသည်ဟု ပြောဆိုကြသည်။

ပြေးစရာမြေ၊ နေစရာနေရာ မရှိတော့သည့်အတွက် နိုင်ငံတကာနှင့် ကုလသမဂ္ဂက ကရင်နီ စစ်ဘေးရှောင်များကို လုံခြုံစိတ်ချသည့် နေရာတစ်ခုတွင် ခိုလှုံနေထိုင်ခွင့် ရရှိအောင် ကူညီလုပ်ဆောင်ပေးပါရန် ကရင်နီ စစ်ဘေးရှောင်များက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တိုက်ပွဲများကြောင့် ကရင်နီ ပြည်သူများက တနေရာမှ တနေရာသို့ ပြောင်းရွှေ့နေကြရပြီး ကာလကြာရှည် စစ်ဘေးရှောင် လာခဲ့ရခြင်းကြောင့် လက်ရှိတွင် ပြေးစရာမြေ၊ နေစရာနေရာ မရှိတော့၍ လုံခြုံစိတ်ချရသည့် နေရာတခုတွင် ခိုလှုံခွင့်ပေးဖို့ တောင်းဆိုရခြင်း ဖြစ်သည်ဟု ဒေါနိုးကူး စစ်ဘေးရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ဂိုဒေါင်မှူးနော်မူဆီးက ပြောသည်။

“ဒီနေရာကို လာပြီးတော့ စစ်ရှောင်တယ် ဆိုပေမယ့်လည်း သိပ်ပြီးတော့ အများကြီး လုံခြုံသွားတာ မရှိဘူးပေါ့ နော။ အဲဒါကြောင့်မို့လို့ ကျမတို့ တောင်းဆိုချင်တာက ဒီမှာစစ်ရှောင်လာနေတဲ့ ဒေါနိုးကူးစခန်းမှာ စစ်ရှောင် လာနေတဲ့ လူထုတွေကို ကျမတို့အနေနဲ့က နိုင်ငံခြားမှာပေါ့နော နိုင်ငံခြား အခြားတစ်နေရာရာပေါ့နော၊ ဒီထက် လွတ်လပ်တဲ့နေရာကို အခြားနိုင်ငံပဲဖြစ်ဖြစ် ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ပိုပြီးလုံခြုံတဲ့ နေရာကို ခိုလှုံခွင့် ပေးစေချင် တာပေါ့နော။ အမြန်ဆုံး ခိုလှုံခွင့်တော့ တောင်းဆိုချင်တာပေါ့” ဟု ဂိုဒေါင်မှူး နော်မူဆီးက ပြောဆိုသည်။

စစ်ရှောင်စခန်း အနီးကို မကြာခဏ စစ်ကောင်စီ လေယာဉ်များ လာရောက်မှု ရှိနေခြင်းကြောင့် လေယာဉ် အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ့် စနစ်မျိုးကို နိုင်ငံတကာအနေနှင့် ကူညီလုပ်ဆောင်ပေးဖို့ တောင်းဆိုသည်ဟု ဒေါနိုးကူး စစ်ရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ရုံးစီမံရေးမှူး ခွန်းရောဘတ်က ပြောသည်။

“ဒီထက်ပိုလုံခြုံတဲ့ဘဝမျိုးရောက်အောင် လုပ်ပေးစေချင်တာပေါ့နော။ ဥပမာဆိုလို့ရှိရင် ကျနော်တို့အတွက် အန္တရာယ်ပေးနိုင်တဲ့ အပေးဆုံးဖြစ်တဲ့ လက်နက်ကြီး အန္တရာယ်ကနေ ပြီးလို့ရှိရင် လေယာဉ်အန္တရာယ်ကနေ လျော့ချနိုင်မယ့် စနစ်မျိုးတွေကို ကျနော်တို့ကို ကူညီပေးစေချင်တယ်။ ဥပမာဆိုလို့ရှိရင် Early warning system ပေါ့နော အဲလိုမျိုးကို စစ်ရှောင်တိုင်းမှာ အကူအညီပေးစေချင်တာပေါ့နော။ အဲဒါတွေ မရခဲ့ရင်တောင်မှ ကျနော်တို့ စစ်ရှောင်တိုင်းမှာ ဒီ No Fly Zone အဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာကို အကူအညီ တောင်းချင်တယ်” ဟု ရုံးစီမံရေးမှူး ခွန်းရောဘတ်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများ၌ နေထိုင်ကြသည့် ဒေသခံ ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာထဲမှ ရွာလုံးကျွတ် ထွက်သွားရန် မောင်းထုတ်ခြင်း၊ ကျေးရွာများထဲနှင့် ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် လုပ်ငန်းခွင်များ ထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်နေသည်။

ယင်းကဲ့သို့သော အခြေအနေများကြောင့် ဒေသခံပြည်သူများသည် စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသများမှ တနေရာပြီးတနေရာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေးအပြင် အဘက်ဘက်တွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ပြောဆိုကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here