AA သံသယဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအမှု အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များ တောင်းဆို

0
200
ပုံစာ - AA သံသယဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံနှစ်ဦး

ရက္ခိုင့်တပ်တော် (AA) အတွက် ရန်ပုံငွေကောက်ခံပေးသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့က ဒေသခံနှစ်ဦး အမှုကို အမြန်ဆုံး အမိန့်ချပေးရန် မိသားစုဝင်များက တောင်းဆို လိုက်သည်။

ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် ၄၁ နှစ်နှင့် ဒေါ်ခင်အုန်းနွှဲ့ ၅၆ နှစ် တို့အမှုမှာ သက်သေ အားလုံး စစ်ဆေးပြီး၍ အပြီးသတ် အမိန့်ချမှတ်ရန်သာ ကျန်ရှိသော်လည်း တရားရုံးက အမိန့်မချဘဲ ရုံးချိန်း ရွှေ့ဆိုင်းနေသည်မှာ သုံးကြိမ်အထိ ရှိလာပြီ ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

၎င်းတို့အမှုကို ဇူလိုင်လ ၄ ရက်နေ့တွင် အမိန့်ချမှတ်ရန် ကျောက်ဖြူခရိုင် တရားရုံးက ရုံးချိန်းခဲ့သော်လည်း အမိန့်ချမှတ်ခြင်း မရှိဘဲ ဇူလိုင်လ ၁၈ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

တရားရင်ဆိုင်နေသူ ဒေါ်ခင်အုန်းနွှဲ့၏သမီး မမြနွဲ့က “အမှုက အားလုံးကိုစစ်ဆေးပြီးသွားပေမယ့် အခုထိ အမိန့်မချသေးဘူး။ ဘာကြောင့် ကြာနေတာလဲ ကျမတို့လည်း နားမလည်ဘူး။ အမိန့်ချမယ့်နေ့ကို ခဏခဏ ရွှေ့ဆိုင်းနေတယ်။ တရားရုံးအနေနဲ့ အမိန့်ကို အမြန်ဆုံး ချပေးစေချင်ပါတယ်” ဟု ပြောသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး AA အတွက် ရံပုံငွေ ကောက်ခံပေးသည့် စွပ်စွဲချက်ဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်သည်။

တရားရင်ဆိုင်နေရမှု ကြာမြင့်လာသည်နှင့်အမျှ မိသားစုဝင်များမှာ အခက်အခဲများ ရှိနေကြသည်ဟု ပြောသည်။

ဦးသန်းလှိုင်၏ဇနီး ဒေါ်ချိုချိုသိန်းက “ကျမတို့မှာက အိမ်ငှားပြီးနေရတာ။ သမီးကြီးကလည်း ဒီနှစ်ဆို ကျောင်းတက်နေပြီ။ ငွေကြေးကအစ အဆင်မပြေတာတွေ အများကြီး ဖြစ်နေတယ်။ အဲဒါကြောင့် ထောင်ချရင်လည်းချ၊ လွှတ်ရင်လည်း အမြန်ဆုံး လွှတ်ပေးပါ။ ဟိုနေ့ကိုရွှေ့ဆိုင်းလိုက် ဒီနေ့ကိုရွှေ့လိုက်နဲ့ စိတ်ပင်ပန်းရတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆို ခံထားရသူများ၏ အမှုများတွင် အမိန့်ချရန်သာ ကျန်ရှိသော်လည်း အမိန့်မချဘဲ ရုံးချိန်း အကြိမ်ကြိမ် ရွှေ့ဆိုင်းနေသည်ဟု မိသားစုဝင်များနှင့် အမှုလိုက်ရှေ့နေများထံမှ သိရသည်။

နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်ဒေသခံ ကိုဇော်ဝင်း (ခ) လူထုဇော်ဝင်း အပါအဝင် သုံးဦးအမှုကို မြို့နယ်တရားရုံးက အမိန့်မချဘဲ ရုံးချိန်း ရွှေ့ဆိုင်းနေသည်မှာ “၈” ကြိမ်အထိ ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များ ပြောသည်။

ရခိုင်တွင် တကျော့ပြန် တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)၊ (ခ)နှင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ (၂) တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ဦးခန့် ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here