ဆဒုံး-ကန်ပိုက်တီလမ်း KIA နဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကြား စစ်ရေးတင်းမာနေဆဲ

0
214
ပုံစာ - ဆဒုံး - ကန်ပိုက်တီ လမ်းပိုင်း စစ်ရေးတင်းမာနေ။

ကချင်ပြည်နယ်အတွင်းရှိ ဆဒုံး – ကန်ပိုက်တီလမ်းမှာ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်ဝန်းကျင်ရှိလာပြီလို့ KIA နဲ့ နီးစပ်သူတွေက ပြောသည်။

စစ်ကောင်စီတပ် ခမရ ၃၈၄ တပ်နှင့် ရွှေမင်းပြည်သူ့စစ် ပူးပေါင်းတပ်တို့သည် ဇွန်လ ၂၆ ရက်က ဆဒုံး – ကန်ပိုက်တီ လမ်းကြောင်း နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ဆဒုံးဗျူဟာကုန်း ကနေ KIA တပ်ရင်း- ၃ နယ်မြေဘက်သို့ စစ်ကြောင်းထိုး ဝင်လာရာက နှစ်ဘက် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်၊

ထိုသို့ နှစ်ဘက်တပ်အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ၌ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအထိ လုပ်ဆောင်နေတယ်လို့ KIO ဗဟိုဌာနချုပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောဆိုသည်။

“ဆဒုံးဘက်က သူ့ရဲ့အခြေနေကတော့ ဇွန်လ ၂၆ ရက်နေ့က စတယ်လို့ ပြောလို့ရပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲ့ဒီ ဆဒုံး-ကန်ပိုက်တီ လမ်းတကြောတွေကို စိုးမိုးချင်လို့ စစ်ကြောင်းတွေ ထိုးတဲ့အခါကျတော့ ကျနော်တို့ KIA တပ်နဲ့ တိုက်ပွဲဖြစ်တဲ့ အနေအထားပါ။ တိုက်ပွဲရဲ့ အခြေနေကတော့ မြေပြင်တိုက်ပွဲတွေလည်း ရှိတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတဲ့ အနေအထားလည်း ရှိတယ်။ ဒရုန်းနဲ့ ဗုံးကြဲတဲ့အ နေအထားလည်း ရှိပါတယ်။ အခု နောက်ဆုံးအခြေနေကို ပြောရမယ်ဆိုရင် အဲ့ဒီတဝိုက်မှာတော့ ဆက်ပြီးတော့ တိုက်ပွဲဖြစ်ဖို့ အခြေနေများပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်မှု ရှိပြီး၊ စစ်ကောင်စီတပ်က ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် KIA တပ်ရင်း ၃ နယ်မြေကို ဂျက်လေယာဉ်နဲ့ ၂ ကြိမ်တိတိ လာရောက်ဗုံးကြဲ တိုက်ခိုက်တာ ရှိခဲ့ပြီး၊ ယင်းနေ့ ည ၁၁ နာရီ ဝန်းကျင်တွင် ဝူယန်ကျေးရွာတွင် တပ်စွဲနေထိုင်သည့် ရွှေမင်းပြည်သူ့စစ်စခန်းကို KIA ဘက်က လက်နက်ကြီးများနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြောင်း KIA သတင်းရင်းမြစ်များက ပြောသည်။

ဆဒုံး – ကန်ပိုက်တီလမ်းသည် KIA တပ်ရင်း- ၃ လှုပ်ရှားနယ်မြေ ဖြစ်ပြီး ပြီးခဲ့တဲ့ မေလအတွင်း KIA ၏ ခွင့်ပြုချက်ဖြင့် ဂိတ်ထိုင်အခွန်ကောက်သည့် ဂိတ်စခန်းတစ်ခုကို ရွှေမင်း ပြည်သူ့စစ်အဖွဲ့က သွားရောက်ပစ်ခတ် ခဲ့တာကြောင့် လုပ်ငန်းရှင် ၃ ဦး သေဆုံးပြီး ယင်းဂိတ်အနားတွင် စျေးရောင်းနေသည့် အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိတွင် ဆဒုံး – ကံပိုက်တီ လမ်းပိုင်း၌ စစ်ရေးတင်မာနေသည့် အပြင် စစ်ကောင်စီတပ်နှင့် ရွှေမင်းပြည်သူ့စစ် ပူးပေါင်းတပ်အင်အား ၂၀၀ ဝန်းကျင်က ခရီးသည်ကားများ အိမ်စီးကားများကို တားဆီးစစ်ဆေးတာတွေ လုပ်နေသည့်အပြင် စစ်အင်အား ထပ်ဖြည့်တာတွေ ရှိနေတယ်လို့ KIA သတင်းရင်းမြစ်များထံက သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here