စစ်ကိုင်း တလိုင်းရွာ စစ်ကောင်စီ ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီး

0
228
ပုံစာ - စစ်ကောင်စီတပ်များ မီးရှို့ခဲ့သည့် တလိုင်း (ထီးလှိုင်) ကျေးရွာက နေအိမ်များ (Photo -စစ်ကိုင်းသတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်တိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်း (ထီးလှိုင်) ရွာအား စစ်ကောင်စီတပ်များက ဇူလိုင်လ ၂ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က စီးနင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

“မနက်အစောပဲဗျ။ အခု နယ်ဘက်တွေကို ညဘက်နဲ့ မနက်အစောဘက်တွေ စစ်ကြောင်းထိုးတာ များလာတယ်။ ကျနော်တို့ ရွာက ၁၀၀ လောက် မီးထဲပါသွားတယ်။ အခုထိ ဘေးလွတ်ရာ ရှောင်တိမ်းနေရဆဲပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်းသတင်းမှန် ပြန်ကြားရေး အဖွဲ့က စစ်ကောင်စီတပ်များ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီး သွားမှုများ၊ ဒေသကာကွယ်ရေးတပ်များနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ပြောဆို ခဲ့သည်။

“ကျေးရွာ ကာကွယ်ရေးအဖွဲ့နဲ့ ပထမဆုံး ပစ်ခတ်မှုတွေ ဖြစ်တာပေါ့။ အင်အား မမျှဘူးလေ။ ဒေသ ပကဖ အဖွဲ့နဲ့ ပလဖ အဖွဲ့တွေက ၅ ဦး လောက် ကျဆုံးခဲ့တယ်ဗျာ။ ပြီးတော့ နေအိမ်တွေ မီးရှို့သွားကြတယ်”ဟု ‌ဒေသခံ တစ်ဦးကလည်း အဆိုပါဖြစ်စဉ်ကို ပြောဆိုသည်။

ပုံစာ – စစ်ကောင်စီတပ်များ မီးရှို့ခဲ့သည့် တလိုင်း (ထီးလှိုင်) ကျေးရွာက နေအိမ်များ (Photo -စစ်ကိုင်းသတင်းမှန်ပြန်ကြားရေး)

ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော် ၂ ဦးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ ၃ ဦး သည် စစ်ကောင်စီ တပ်များကို ခုခံရင်း အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်များက ကျေးရွာ အရှေ့ပိုင်းက နေအိမ် ၁၀၀ ကျော် ကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် မီးစတင်ရှို့ခဲ့ပြီး တလိုင်းရွာ စာသင်ကျောင်းတွင် စခန်းချခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် တလိုင်းရွာမှ စစ်ကောင်စီတပ်များသည် ဗျူဟာလမ်းအရှေ့ဘက် တောင်ကြောဘက်သို့ ကျေးရွာ ဒေသခံများ တိမ်းရှောင် နေနိုင်သည်ဟု အထင်ဖြင့် လက်နက်ကြီးများဖြင့် အချက်ရေများစွာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု အသက်ဘေး တိမ်းရှောင်နေသည့် ကျေးရွာခံများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here