စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ထိမှန်၊ စာသင်ကျောင်းဆောင်ပျက်စီး

0
202
ပုံစာ - ကရင်နီ စစ်ရှောင်စခန်းတခု

ဇူလိုင်လ ၄ ရက် မနက် ၂ နာရီဝန်းကျင်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင် စခန်းတစ်ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မိသားစုဝင် ၃ ဦး အနက် အသက် ၂ နှစ် ၁၀လ အရွယ် ကလေးတစ်ဦး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ အနီးအနားရှိ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“မိသားစု ၃ ယောက်စလုံးပေါ့၊ ကလေးတစ်ယောက်ရယ်၊ သူ့အဖေရယ်၊ သူ့အမေရယ်၊ သုံးယောက်၊ ကျား၂ ဦး မ ၁ ဦး၊ စိုးရိမ်ရတဲ့ အခြေအနေတော့ရှိတယ်။ မိခင်က ခွဲခန်းအထိ ဝင်ရမယ်၊ ဖခင်တော့ ဓာတ်မှန် ရိုက်ရမှာပေါ့။ ကလေးကလည်း ရောဂါအခံရှိတယ်၊ သူငိုလိုက်ရင် ခနခဏတက်တယ် အဲ့လိုဖြစ်တယ်၊ ခေါင်းမှာထိတယ်ဆိုတော့ ပိုပြီးတော့ စိုးရိမ်ရတယ်ပေါ့နော” လို့ ၎င်းက ဆိုသည်။

အဆိုပါစစ်ရှောင်စခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် လေးကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး စစ်ရှောင် စာသင်ကျောင်းနှင့် စစ်ရှောင်တဲတချို့လည်း ပျက်စီးခဲ့ပြီး လက်ရှိတွင် အဆိုပါ စာသင်ကျောင်းကို ယာယီ ပိတ်ထားလိုက်တယ်လို့ စစ်ရှောင်များက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ထိုစစ်ရှောင်စခန်းရှိရာ နေရာကို စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် စစ်ရှောင်တွေဟာ စိုးရိမ်ထိတ်လန့်နေကြရပြီး တောတောင်ထဲသို့ ရွေ့ပြောင်း နေထိုင်ကြသူများလည်း ရှိတယ်လို့ ၎င်းတို့က ပြောသည်။

“ဗုံးနဲ့ လာကြဲတဲ့ချိန်မှာ မိသားစုက သုံးယောက်ရှိတာ သုံးယောက်စလုံး သေပြီလို့ ထင်တာ။ လေယာဉ် နောက်တခေါက် ပြန်ဝဲတဲ့ချိန်မှာ မိသားစု ရှိသေးတယ်ဆိုပြီးတော့ ကာဘာ (cover) ကျင်းကို ပြေးသွားပြီး ဘုရားတွေ ဘာတွေ ရွတ်ပြီး တကယ်တမ်း ဘုရားတော်တော်ကယ်တယ်။ ခေါင်းရင်းမှာ အပေါက် ဖြစ်သွားတယ်။ ကျမ ခေါင်းရင်းမှာ သိပ်မပေါက်ဘူး ဒါပေမယ့် ယမ်းစတွေက ဘီဒိုထဲ အကုန်လုံးဝင် မှန်အကုန်လုံးကွဲ တော်တော်တော့ ဝမ်းနည်းသွားတယ်” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်ကောင်စီက ပေါင် ၅၀၀ နှစ်လုံး၊ ပေါင် ၁၀၀ နှစ်လုံး နဲ့ လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ် ၁၀လအရွယ် ကလေးတစ်ဦးနဲ့ ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် စစ်ရှောင်ကလေးများ စာသင်ကြားတဲ့ စာသင်ကျောင်းဆောင်နဲ့ စစ်ရှောင်တဲတချို့ ပျက်စီး ခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ကသတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ရှောင်စခန်းဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်သလို ဖုန်းလိုင်း၊ အင်တာနက် ဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လအတွင်းမှာလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး ထိမှန်သေဆုံးခဲ့ပြီး လူနေအိမ်အများအပြားလည်းထိခိုက်ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီက အရပ်သားရှိရာနေရာတွေကို အိပ်စက်တဲ့အချိန်တွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားများ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ပြောသည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ထားသည့် စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီကနေ လေကြောင်းနဲ့ တိုက်ခိုက်မှု အရေအတွက် (၅၂၇) ကြိမ် ရှိတယ်လို့ ဖော်ပြထားသည်။

ကန္တာရဝတီတိုင်း (မ်) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here