ထားဝယ်တွင် ဦးပိုင်အရာရှိများလိုက်ပါသည့်ယာဉ်တန်း တိုက်မိုင်းထိ ၅ ဦး ထက်မနည်းဒဏ်ရာရ

0
279

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဝကုန်းနှင့် ဘဝပင်ကျေးရွာကြားတွင် ဦးပိုင်အရာရှိများ လိုက်ပါလာသည့် ယာဉ်တန်း တိုက်မိုင်းထိတာကြောင့် ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဟိန္နားသတ္တုတွင်းကို စစ်ဆေးပြီး ပြန်လာသော ကား ၁၇ စီးပါ စစ်ကောင်စီယာဉ်တန်းသည် ဇွန် ၂၈ ရက်နေ့ နေ့လည်ပိုင်းက ကျောက်မဲတောင်ကနေ ထားဝယ်ဘက်သို့ ထွက်ခွာလာစဉ် တိုက်မိုင်း ၂ ကြိမ် ထိခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်မိုင်း ၂ ကြိမ် ထိပြီးနောက် ဟိန္နားသတ္တုတွင်း လာစစ်ဆေးသည့် ဦးပိုင်အရာရှိများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုင်းထပ်ထိမည်ကို စိုးရိမ်ခြင်းကြောင့် ဝကုန်းကျေးရွာမှာ တပ်စွဲနေထိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။

ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် ဦးပိုင်အရာရှိများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထားဝယ်ဘက်ကို ထွက်ခွာဖို့ ကြိုးပမ်းနေပြီး နေ့လည်ပိုင်းတွင် ပခပ်ရွာဘက်ကို ရောက်ရှိလာခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီတပ် ရောက်ရှိလာခြင်းကြောင့် ဝကုန်း၊ ဘဝပင် အပါအဝင် အနီးနားကျေးရွာ ၅ ရွာက ဒေသခံများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းက ပြောသည်။

ဟိန္နားသတ္တုတွင်းလာစစ်သည့် စစ်ကောင်စီအဖွဲ့ဝင်များသည် လုံခြုံရေးအတွက် အင်အား ၂၀၀ နီးပါး အသုံးပြုထားပြီး လက်ရှိတွင် ထားဝယ်အရှေ့တော ဒေသကနေ ထားဝယ်မြို့ကို ခြေလျင်ချီတက်လာကြောင်း တော်လှန်ရေး အင်အားစုများက ပြောဆိုသည်။

ထားဝယ်အရှေ့တောဒေသသည် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ဒေသဖြစ်ပြီး စစ်ကောင်စီဘက်က မကြာခဏဆိုသလို စစ်ကြောင်းထိုးတာမှုတွေ ရှိနေကြောင်း ဒေသခံများက ပြောသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here