သရက်ချောင်းမြို့နယ် ရငဲရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့ဖျက်ဆီး

0
221
ပုံစာ - သုံးကြိမ်တိုင် မီးရှို့ဖျက်ဆီးခံထားရသည့်ရငဲရွာ (photo-CJ)

နှစ်ကြိမ်တိုင် မီးရှို့ဖျက်ဆီးခံထားရသည့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီတပ်က ဇွန်လ ၂၆ ရက် တွင် မီးရှို့ဖျက်ဆီးမှု ထပ်မံလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ရငဲရွာအနီး မြွေတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဇွန်လ ၂၆ ရက် နံနက် ၈ နာရီခန့်က ကျေးရွာ အတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံများ၏နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာကြောင့် ကနဦး နေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးသွားပြီး မီးခိုးလုံးများကို အဝေးကနေ ကြည့်မြင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသော ရငဲရွာကို ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် နှင့် ဇွန်လ ၁၆ ရက်တို့တွင်လည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၅ လုံးထက် မနည်း မီးလောင်ပျက်စီး သွားခဲ့သည်။

ဇွန်လ ပထမ အပတ်က စပြီး စစ်ကောင်စီတပ်သည် သရက်ချောင်းမြို့နယ်ထဲသို့ အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသကာကွယ်ရေးတပ်တို့နှင့် စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် ရငဲ၊ ကနက်သီရိ၊ ကမြိုင်နှင့် ဝဲရစ်ကျေးရွာ အပါအဝင် ကျေးရွာခံပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးကြောင်း စစ်ရှောင်ရွာသားများနှင့် ၎င်းတို့ကို ကူညီပေးနေသူများက ပြောသည်။

နိုင်ငံတဝန်းတွင် စစ်တပ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ် ၆၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရကြောင်း သုတေသနအဖွဲ့ တခု ဖြစ်သည့် Data for Myanmar က ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here