ရေးမြို့နယ်၊ လမိုင်းမြို့ လဝကဝန်ထမ်း အမျိုးသမီး ၁ ဦး ပစ်သတ်ခံရ

0
286

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ နာရီစင် အရှေ့တွင် ဇွန်လ ၂၂ ရက် နံနက် ၁၀ နာရီခန့်က အမျိုးသမီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု လမိုင်းလူငယ် ပရဟိတအဖွဲ့ထံက သိရသည်။

“သေနတ်ပစ်တဲ့ အသံကြားလို့ ကျွန်တော်တို့ သွားကြည့်လိုက်တာပဲ ရှိတယ်၊ ဟိုရောက်တော့ အခြားလူတွေ မရှိဘူး၊ အဲဒီမှာ မကြွယ်က လဲနေတာ (တွေ့လိုက်တော့) ကျွန်တော်တို့ အရေးပေါ်ကား ခေါ်လိုက်တယ်၊ ချက်ချင်း ဆေးရုံတင်ပေးလိုက်တယ်။ ဆေးရုံရောက်တော့ (အသက်) မရှိတော့ဘူး” ဟု လမိုင်း လူငယ်ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ မကြွယ် အသက် ၅၀ နှစ် အရွယ် အမျိုးသမီးသည် လမိုင်းမြို့တွင် နေထိုင်သူဖြစ်ပြီး လမိုင်းမြို့ လူဝင်မှုကြီးကြပ်ရေး (လဝက) မှတ်ပုံတင်ရုံး၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လဝကဝန်ထမ်း မကြွယ်သည် ဝမ်းဗိုက်နှင့် ရင်ညွန့် နေရာတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းပစ်ခတ်မှုကို ရေးဘီလူးအဖွဲ့က “နောက်တကြောင်းကတော့ လမိုင်းမြို့ မှတ်ပုံတင် အဓိက ဆောင်ရွက်ပေးနေတဲ့ စကစ ချစ်တော်ကြီးလဲ လေပေါ် ဝဲပေးလိုက်ပါပြီ လမိုင်းဘုရားဖူးရင်း လမ်းကြုံ ပါဆယ်ဆွဲလိုက်တာ” ဟု ရေးသားထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ ပြည်သူ့စစ်အဖွဲ့ဝင်များ စစ်ကောင်စီသတင်းပေး ဒလန်ဆိုပြီး စွပ်စွဲခံရသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here