ပါတီဝင် ၁,၂၀၀ ဦး စစ်ကောင်စီက ဖမ်းဆီးထားဆဲဟု NLD ပြော

0
262
ပုံစာ - ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များကို ၂၀၂၀ ခုနှစ် ဇူလိုင် ၅ ရက်က နေပြည်တော် NLD ရုံးခွဲ ဖွင့်ပွဲတွင် တွေ့ရစဉ်။ (photo - NLD)

စစ်ကောင်စီအာဏာသိမ်းမှုကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦးအပါအဝင် ပါတီဝင် ၁,၂၀၀ ဦး ဖမ်းဆီခံထားရဆဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်ခဲ့သည်။

NLD ပါတီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) က ပြုစုထားသည့်စာရင်းအရ အာဏာသိမ်းကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် ပါတီဝင် ၉၃ ဦးအထိ သေဆုံးခဲ့ကြောင်း ဇွန်လ ၁၃ ရက် ထုတ်ပြန်သည့် ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီသည် NLD ပါတီ အင်အားကြီးထွားမည်ကို မလိုလားသည့်အတွက် နိုင်ငံရေးလောကထဲက ပျောက်ကွယ်သွားစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ် ဦးသန်းစိုးနိုင်က ယင်းထုတ်ပြန်မှုနှင့်ပတ်သတ်ပြီး အခုလို ပြောသည်။

“အဲဒါကြောင့်လည်း ပါတီအဖြစ်က ရုတ်သိမ်းလိုက်တာလေ။ NLD ထောက်ခံတဲ့သူတွေကတော့ စစ်ကောင်စီကို တော်လှန်နေကြတယ်။ သူတို့နိုင်သွားရင်တော့ NLD ပိုအားကြီးလာမယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

ဖမ်းဆီးခံထားရသည့် NLD ပါတီဝင်များကို စစ်ကောင်စီက ကြီးမားသော ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားပြီး မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မရကြသည့်အတွက် အကျဉ်းသားများ၏ ရပိုင်ခွင့်များ ဆုံးရှုံး နေကြရကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

NLD ပါတီဝင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးညီပုသည် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၃ ခုနှင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၁၃ နှစ် အထိ ချမှတ်ခံထားရသည်။

ဦးညီပု ဖမ်းဆီးခံရချိန်မှစ၍ မိသားစုဝင်များက တွေ့ဆုံခွင့် ရရှိနိုင်ရန်အတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက ယနေ့အချိန်ထိ တွေ့ဆုံခွင့် မပေးသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ မိသားစုဝင်တစ်ဦးက “ဝန်ကြီးချုပ်အခြေအနေကိုတော့ အတိအကျ မသိရဘူ။ တွေ့ခွင့်တောင်းထားတာလည်း မရဘူး။ ကျနော်တို့ကတော့ စိတ်ပူတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆဲခံထားရသူ စုစုပေါင်း ၆၂၅ ဦး ရှိပြီး ထိုအထဲ လွှတ်တော်ကိုယ်စားလှယ် ၁၇၁ ဦးနှင့် ပါတီဝင် ၃၃၃ ဦး၏ ပိုင်ဆိုင်မှုများ ပါဝင်ကြောင်း NLD က ဆိုသည်။

စစ်ကောင်စီက NLD ပါတီရုံးချုပ် အပါအဝင် အဆင့်ဆင့်သော ရုံးများကိုလည်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးခြင်း၊ ပါတီပိုင်ပစ္စည်းများကို ယူဆောင်မှု အကြိမ်ပေါင်း ၁၅၃ ကြိမ် အထိ ရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီက ကျူးလွန်နေသည့် ရာဇဝတ်မှုများအတွက် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်း အနေဖြင့် ယခုထက်ပိုမို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြရန် NLD ပါတီက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ စစ်တပ်က အာဏာသိမ်းယူခဲ့သည့် နှစ်နှစ်ကျော်အတွင်း အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် သေဆုံးသူ ၃,၆၅၉ ဦးနှင့် ဖမ်းဆီးခံရသူ ၂၃,၃၂၃ ဦး အထိ ရှိကြောင်း AAPP ၏ ဇွန်လ ၁၃ ရက် အထိ ထုတ်ပြန်ထားချက်အရ သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here