မူဆယ်မြို့နယ်အတွင်း SSPP/SSA က သေနတ်ပစ်ဖောက်ပြီး တပ်သားလိုက်စုဆောင်းနေ

0
155
ပုံစာ - နမ့်အွမ်ကျေးရွာသွားလမ်းပိုင်းတစ်နေရာ

သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA က သေနတ်ပစ်ဖောက်ပြီး လူဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၅ ရက်နေ့တွင် နမ့်အွမ်ကျေးရွာအုပ်စုအတွင်း SSPP/SSA တပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး နမ့်အွမ်ကျေးရွာ ဒေသခံ နှင့် ကောင်းဝိန်းကျေးရွာဒေသခံ ၄ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း မူဆယ်မြို့ ဒေသခံများက ပြောသည်။

“ကောင်းဝိန်းဘက်နဲ့ နမ့်အွမ်ဘက်က လူတွေကို ဖမ်းသွားတာ။ မနေ့က လာဖမ်းသွားတာ။ ၄ ယောက်လောက် ဖမ်းသွားတယ်လို့ပြောတယ်။ သေနတ်တွေ ပစ်ဖောက်ပြီးတော့ ဖမ်းသွားတာ။ ဒီနေ့ ထပ်လာသေးတယ်။ ဒီနေ့လည်း သေနတ်ပစ်ဖောက်ပြီးတော့ ရွာတွေထဲ ဝင်လာတာ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဇွန်လ ၆ ရက်နေ့တွင်လည်း တိန်းလုံကျေးရွာထဲကို SSPP/SSA တပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ သို့သော် ယနေ့အတွက် တပ်သားမည်မျှ ရရှိသွားသည်ကို မသိရှိရသေးပေ။

ထို့အပြင် SSPP/SSA တပ်ဖွဲ့က မူဆယ်မြို့နယ် ၊ နမ့်ခမ်းမြို့နယ်တွင်းရှိ ကျေးရွာများထဲတွင် ၁၀ အိမ်ကို တပ်သား ၂ ယောက် ပေးဆောင်ရမည်ဟု ညွှန်ကြားထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

မူဆယ်မြို့ ဒေသခံတစ်ဦးက “ သူတို့လာကောက်မယ်ဆိုပြီးတော့ ကျနော်တို့ ကျေးရွာဘက်တွေမှာတော့ လာပြောသွားတာတော့ ရှိတယ်။ ဒီနေ့မှ လာပြောသွားတာ။ သူတို့ ၅ ရက် အချိန်ပေးမယ်တဲ့။ သူတို့တပ်သား တောင်းတာက ဥပမာ- ၁၀ အိမ်ဆိုရင် ၂ ယောက် ပေးရမယ်တဲ့။ ရွာတစ်ရွာမှာ အိမ်ခြေ ၁၀၀ ရှိရင် လူ ၂၀ ပေးရမှာပေါ့။ ပြီးတော့ သူတို့နား စစ်သင်တန်း ၁ လ သွားသင်ပြီးရင် ၁ လ အိမ်မှာ ပြန်လာနေလို့ရတယ်တဲ့။ ဒါပေမယ့် စစ်ထဲတော့ ရာသက်ပန်နေရမယ်တဲ့” ဟု ပြောသည်။

ထိုသို့ SSPP/SSA တပ်ဖွဲ့မှ တပ်သားတွေကို လိုက်လံစုဆောင်းနေသည့် အတွက်ကြောင့် မူဆယ်မြို့နယ် ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာဒေသခံတစ်ချို့က ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“နမ့်အွမ်ကျေးရွာ ဒေသခံတွေဆိုရင် မူဆယ်မြို့ပေါ်ကို ထွက်လာခဲ့တာတွေ ရှိတယ်။ သူတို့ တပ်သား လာကောက်မယ်လို့ ပြောတော့ တစ်ချို့တွေက ထွက်ပြေးနေကြပြီ။ သူတို့ပြောတာတော့ မူဆယ်မြို့နယ် ၊ နမ့်ခမ်းမြို့နယ်နဲ့ ပန်ဆိုင်းဘက်က လူတွေကို တပ်သားလာကောက်မယ်လို့ပြောတယ်။ အခုတော့ မြို့ပေါ်တွေ ၊ တစ်ခြားနေရာတွေကို ပြောင်းရွှေ့နေကြပြီ” ဟု နမ့်အွမ်ကျေးရွာအတွင်း သွားလာခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ SSPP/SSA တပ်ဖွဲ့သည် နမ့်လန်မြို့ထဲတွင်လည်း ညအချိန်တွေမှာ တပ်သားလိုက်လံ စုဆောင်းနေလျက်ရှိကြောင်း သိရှိရသည်။

ထိုအပြင် နမ့်ခမ်းမြို့ပေါ်တွင်လည်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တပ်သားလိုက်လံ စုဆောင်းနေသည့်အပြင် အခွန်တွေကိုလည်း လိုက်ကောက်နေသည်ဟု ဒေသခံများက ပြောသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here