တော်လှန်ရေးကာလ ၂ နှစ်အတွင်း DMO-PDF ရဲဘော် (၄၇) ဦး ကျဆုံးခဲ့ဟုဆို

0
160

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ် (DMO-PDF) ဟာ တော်လှန်ရေးကာလနှစ်နှစ်အတွင်းမှာ ကျဆုံးရဲဘော် (၄၇) ဦးရှိတယ်လို့ မေလ (၁၀) ရက်နေ့ ရက်စွဲနဲ့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ် (DMO-PDF) ထုတ်ပြန်ချက်အရ သိရပါတယ်။

DMO-PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “ရဲဘော်ခပ်များများတော့ ၁၉အထက် ခပ်များများပေါ့နော။ တချို့ ၂၀ ကျော်ရှိတယ်။ တချို့ကလည်း ၃၀ ကျော်ရှိတယ်ပေါ့နော။ ပြီးခဲ့တဲ့ ၄၊ ၅ ရက်တုန်းကကျသွားတဲ့ ရဲဘော်ကျတော့ တိုက်ပွဲထဲမှာတော့မဟုတ်ဘူး ကျနော်တို့လှုပ်ရှားတဲ့ စစ်ကြောင်းမှာ စစ်ကောင်စီဖက်က ဒရုန်းနဲ့ထောက်လားမသိဘူး အပြန်အလှန်ပစ်ခတ်တာမရှိဘဲနဲ့ လက်နက်ကြီးနဲ့ပစ်ပြီးထိသွားတာပေါ့။ အထိအခိုက်ဒဏ်ရာရတာနည်းနည်းများတယ်ပေါ့ သိပ်တော့မစိုးရိမ်ရဘူး။ ဒါမဲ့ တစ်ယောက်ကတော့ ပွဲချင်းပြီး ကျသွားတယ်။ အသက်ကတော့ ၁၉၊ ၂၀ အထက်တွေပါပဲ။ ရဲဘော်ခပ်များများကတော့ တိုက်ပွဲအတွင်းမှာပဲ ကျတာများတယ်။” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှု၊ လက်နက်ကြီးထိမှန်မှု၊ တာဝန်ထမ်းဆောင်ရင်း မိုင်းနင်းမိမှုတွေကြောင့် ကျဆုံးခဲ့ရတာဖြစ်ပြီး အများစုမှာ လက်နက်ကြီးထိမှန်မှုကြောင့် ကျဆုံးခဲ့ရပါတယ်။ ကျဆုံးသူတွေထဲမှာ အမျိုးသမီးဆေးမှူးတစ်ဦး အပါအဝင် တပ်စုမှူး၊ တပ်စိတ်မှူး၊ ရဲဘော်တွေ ပါဝင်ပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း DMO-PDF နဲ့ အခြားမဟာမိတ်တပ်ပေါင်းစုပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဟာ မေလ (၁၀) ရက်နေ့အထိ တိုက်ပွဲအကြိမ်ရေ (၁၅၉) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလ နှစ်နှစ်အတွင်း DMO-PDF မှ ကျဆုံးရဲဘော် (၄၇) ဦးရှိပြီး ထိခိုက်ဒဏ်ရာရ ရဲဘော် (၁၀၁) ဦး၊ ကိုယ်လက်အင်္ဂါဆုံးရှုုံးခဲ့ရတဲ့ ရဲဘော် (၁၉) ဦးထိ ရှိပါတယ်။

ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအနေနဲ့ ဝက်မွေးမြူတာ၊ ဝါသနာပါတဲ့ ဘာသာရပ်၊ လုပ်ငန်းတွေကို လေ့လာလိုက်စားတာ စတဲ့အခွင့်အလမ်းကို ဆောင်ရွက်ပေးထားတယ်လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ကျနော်တို့ အစီအစဉ်လုပ်ထားတာတော့ သိပ်မရှိဘူး ဒါမဲ့ ပြည်ပအကူအညီ အသင်းအဖွဲ့တွေ နည်းနည်းတော့ရှိတယ်။ ဥပမာ- လတ်တလောအတွက်ပဲပေါ့နော သူတို့ ဝက်မွေးချင်လာဆိုပြီးတော့ ဝက်မွေးချင်တဲ့သူလည်း ဝက်တွေဝယ်ပေးတာပေါ့ စည်ပင်ဝက်ပဲပေါ့ အဲ့လိုပဲလုပ်ပေးတာရှိတယ်။ ကျန်တဲ့အပိုင်းကတော သူတို့ဝါသနာပါတဲ့ဘာသာရပ်အလိုက်ပေါ့ ဥပမာ- ကွန်ပျူသင်တန်းပဲဖြစ်ဖြစ် ဖုန်းပြင်တာပဲဖြစ်ဖြစ် အဲ့ဒါမျိုးတွေ လုပ်ထားပေးတာရှိတယ် လတ်တလောပေါ့။” လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

DMO-PDF ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့လမ်းညွှန်မှုအရ ဒီးမော့ဆိုမြို့နယ်သပိတ်ဦးဆောင်ကော်မတီဝင် (၁၂) ဦးရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၁ခုနှစ် မေလ ၆ ရက်နေ့မှာ ကျေးရွာပေါင်း (၁၂၀) ရွာ၊ လူဦးရေ (၄၅၀၀) ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားပေမဲ့ အင်အားကိုတော့ ကန္တာရဝတီတိုင်း(မ်) သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

လက်ရှိမှာ ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေပြီး ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံ၊ ပင်လောင်း၊ ဘောလခဲစစ်မျက်နှာအထိ ပူးပေါင်းတိုက်ခိုက်နေတာရှိတယ်လို့ ဆိုပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here