စစ်ရှောင်များ ပြောင်းရွှေ့မည့်နေရာတွင် ရေအခက်အခဲကြုံနိုင်

0
112

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ KBC စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူများ သောက်သုံးရေ အခက်အခဲဖြစ်နေသည် နမ့်ဖက်ကာ နယ်မြေ (၄) ရပ်ကွက်တွင် ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်သောကြောင့် စစ်ရှောင်များက စိုးရိမ်နေကြသည်။

ယခုစစ်ရှောင်များ ပြောင်းရွှေ့နေထိုင်ရမည့်နေရာသည် နှစ်စဉ် ရေပြဿနာ အခက်အခဲရှိနေသည့်နေရာဖြစ်ပြီး လက်ရှိတွင် စစ်ရှောင်မိသားစု ၈ စုခန့် ပြောင်းရွှေ့နေပြီးဖြစ်ရာ ၎င်းတို့လည်း အဆိုပါ ရေပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု စစ်ရှောင်များက ပြောသည်။

စစ်ရှောင်အတွင်းရှိ အမျိုးသမီးကြီးတစ်ဦးက “သောက်သုံးရေက တကယ်ကို အခက်အခဲဖြစ်နေပါတယ်။ ရေ အခက်အခဲပြဿနာက အခုကျမတို့ အိမ်ထောင်စု နည်းနည်းလေးပဲ ဆိုရင်တောင်မှ ရေကို လုပြီး သုံးနေရတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာပဲ နည်းနည်းထွက်ရှိနေတဲ့ ရေကို အားလုံးလုပြီး ခပ်ယူနေရတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များသည် အနီးရှိ လယ်ယာများထဲ ရေပေးဝေသည့် ရေမြောင်းမှထွက်သော ရေကိုသာ အဓိကထား အသုံးပြုကြနေပြီး နှစ်စဉ် ရေ ခမ်းခြောက်သည့် နွေရာသီနှင့် မိုးမကျခင်အချိန်ထိ အဆိုပါမြောင်းတွင်လည်း ရေများက ခမ်းခြောက်ကုန်သည်ဟု ဒေသခံများက ပြောသည်။

စစ်ရှောင်များ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပတ်သက်၍ “ကလေးတွေများတယ်၊ အမျိုးသမီးတွေများတယ်ဆိုတော့ သူတို့က အဝတ်လျှော် ရေချိုးမယ်ဆိုရင်လည်း စစ်ရှောင်စခန်းကနေ မိနစ် ၄၀ လောက် လမ်း လျှောက်ရ တဲ့ နမ့်မော်ချောင်းကို သွားရတယ်။ အဲ့ဒီနေရာမှာပဲ သွားချိုးရတယ်။ သွားလျှော်ရတယ်။ ဘယ် လောက်ဝေးဝေးပေါ့။ အသက်ကြီးပြီး အဘွားအို အဘိုးအိုတွေကသာ စစ်ရှောင်အတွင်း မြောင်းကထွက်တဲ့ ရေကို ခပ်စုဆောင်း ပြီး အသုံးပြုရတယ်။ အဝတ်အစားတွေကိုဆိုရင်လည်း မလျှော်ရတဲ့ အခြေအနေဖြစ်နေပါတယ်” ဟု အဆိုပါအမျိုးသမီးကြီးက ဆက်ပြောသည်။

နေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ကြသည့် စစ်ရှောင်မိသားစုများ ကြုံတွေ့ရသည့် အခြေအနေများကို ပြောပြခဲ့ခြင်းဖြစ်သည်။

အဆိုပါနေရာသို့ စစ်ရှောင်လူဦးရေ ၃၀၀ ကျော်သည်လည်း မိုးရာသီမဝင်ခင် ပြောင်းရွှေ့နိုင်ရေး စီစဉ်နေကြသောကြောင့် ယခုကြုံနေရသော ရေပြဿနာအခက်အခဲကိုလည်း သက်ဆိုင်ရာမှ ကူညီဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။

ယခုစစ်ရှောင်များ နမ့်ဖက်ကာ နယ်မြေ ၄ ရက်ကွက်ထဲ ပြောင်းရွှေ့နေထိုင်နိုင်ရေး ဒေသခံ ခရစ်ယာန်အသင်းတော်များနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ကူညီဆောင်ရွက်ပေးမည်ဟု ဆိုသည်။

စစ်ရှောင် အမျိုးသမီးတစ်ဦးက “ဒီအသင်းတော်ကျောင်းဝင်းမှာ ကျမတို့က ဆယ်နှစ်ကျော် နေလာတယ်ဆိုတော့ အသင်းတော်လည်း သူတို့လုပ်ငန်းစီမံချက်တွေ ရှိတယ်။ ဒီမှာ အဆောင်အအုံတွေ တည်ဆောက်ဖို့ သူတို့မှာ သူတို့ရဲ့ စီမံကိန်းတွေရှိတယ်ပေါ့။ ဒီမှာက ဆယ်နှစ်ကျော်ကြာလာပြီ ဆိုတော့ အခုဆောက်ထားတဲ့ အိမ် တိုင်တွေကလည်း မခိုင်တော့ဘူး။ အဲ့ဆိုရင် ကျမတို့က ဒီအသင်းတော် နေရာမို့လို့ ကျမတို့က ပြောင်းရွှေ့ရခြင်းဖြစ်တယ်ပေါ့” ဟု ပြောသည်။

နမ့်ဖက်ကာ စစ်ရှောင်စခန်းရှိ အိမ်ထောင်မိသားစု ၆၂ စုက လူဦးရေ ၃၀၀ ကျော်အတွက် တစ်အိမ်ထောင်စုလျှင် ပေ ၄၀×၆၀ ပတ်လည်စီ မြေအကွက်ရိုက် ခွဲဝေပေးပြီး၊ ICRC က လုံးချင်းအိမ် ဆောက်လုပ်ပေးရန် ပြင်ဆင်ထားပေးပြီး ယခု မေလဆန်းပိုင်းချိန်မှစတင်၍ ဆောက်လုပ်နေကြပြီဟု ပြောသည်။

ဆယ်စုနှစ် တစ်စုကျော်အကြာ နေရပ်စွန့်ခွာကာ နမ့်ဖက်ကာ KBC စစ်ရှောင်စခန်းတွင်နေထိုင်နေရသည့် စစ်ရှောင်များသည် ရှမ်းပြည်မြောက်ပိုင်း၏ နမ့်ဆုံကျေးရွာ၊ ဒိန်ဂရိကျေးရွာနှင့် လွယ်ငေါမ့်ကျေးရွာမှ စစ်ရှောင်များဖြစ်ကြသည်။

အဆိုပါနေရာများတွင် ယနေ့အချိန်ထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အပြင် စစ်ကောင်စီတပ်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များလည်း ဝင်ထွက်သွားလာလေ့ရှိနေသည်။

ထို့ကြောင့် နေရပ်ရင်းသို့ ပြန်လည်နေထိုင်ရေးမှာ အဆင်မပြေသေးသောကြောင့် ဒေသခံအာဏာပိုင်များ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ အကူအညီများကိုရယူပြီး ယခုကဲ့သို့ ပြောင်းရွှေ့ကြရန် စီစဉ်နေကြခြင်းဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here