KNU ကွန်ကရက်ကျင်းပပြီးစီးခြင်းအတွက် NUG နှင့် ဗြိတိန်သံရုံးရန်ကုန်တို့က သဝဏ်လွှာပေးပို့

0
194

ကရင်အမျိုးသားအစည်းအရုံး KNU ၏ (၁၇) ကြိမ်မြောက် ကွန်ကရက် အောင်မြင်စွာ ကျင်းပပြီးစီးခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဗြိတိန်သံရုံး ရန်ကုန် (UK in Myanmar) တို့က သဝဏ်လွှာပေးပို့၍ ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာသည်။

NUG မှ မေလ (၇) ရက်နေ့ရက်စွဲဖြင့် ပေးပို့သောသဝဏ်လွှာတွင် ကေအဲန်ယူ၏ ဗဟိုဌာနချုပ်နှင့်ခရိုင်အသီးသီးတွင် အွန်လိုင်းစနစ်ဖြင့် (၁၁) ရက်ကြာ ကျင်းပပြုလုပ်ခဲ့သော (၁၇) ကြိမ်မြောက်ကွန်ကရက်အား အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းနှင့် ရွေးကောက်တင်မြှောက်ခံရသော ဗဟိုအမြဲတမ်းကော်မတီဝင် (၄၅) ဦးနှင့်တကွ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအား ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြပါရှိသည်။

အဆိုပါကော်မတီဝင်များအနေဖြင့် KNU ၏ရှေ့လုပ်ငန်းစဥ်များနှင့် ကရင်လူထုအကျိုးအား အောင်မြင်စွာသယ်ပိုးနိုင်ပါစေကြောင်း NUG ၏ သဝဏ်လွှာမှတဆင့် ဆုမွန်ကောင်းတောင်းပေးထားသလို KNU စတင်တည်ထောင်ချိန်မှစ၍ ကရင်လူထုကိုဦးဆောင်ကာ နိုင်ငံရေး၊ စစ်ရေးနှင့် အကြပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် KNU ကွန်ကရက်တွင် မဟာလူမျိုးကြီးဝါဒနှင့်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် ရှေ့လုပ်ငန်းစဥ်များအတိုင်း ကရင်လူထုတစ်ရပ်လုံးနှင့်လက်တွဲလုပ်ဆောင်သွားမည်ဖြစ်သလို အာဏာရှင်တော်လှန်နေသည့် တော်လှန်ရေးအင်အားစုများ အစရှိသော လူတန်းစားအသီးသီးတို့ဖြင့် ပူးပေါင်း၍ကြိုးပမ်းဆောင်ရွက်သွားမည့် ထုတ်ပြန်ချက်အပေါ် ဝမ်းမြောက်ကြောင်း NUG ၏ သဝဏ်လွှာတွင် ဆိုထားသည်။

NUG အနေဖြင့်လည်း KNU နှင့်ပူးပေါင်း၍ ဘုံရန်သူ စစ်ကောင်စီအား အပြီးသတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားမည့်အကြောင်း ယင်းသဝဏ်လွှာတွင် ဆက်လက်ဖော်ပြထားသည်။

ထို့အတူ ဗြိတိသျှသံရုံး ရန်ကုန် ကလည်း KNU ၏ (၁၇) ကြိမ်မြောက် ကွန်ကရက် အောင်မြင်စွာပြုလုပ်ပြီးစီးသည့်အတွက် ဂုဏ်ပြုကြောင်းနှင့် ရွေးကောက်တင်မြှောက်ခံရသော ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်သူအားလုံးပါဝင်သော ငြိမ်းချမ်းသောဒီမိုကရေစီအနာဂတ် ကြိုးပမ်းတည်ဆောက်ရာတွင် အထောက်အကူဖြစ်မည်ကို မျှော်လင့်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်နေ့မှ မေလ (၄) ရက်နေ့အထိ ကေအဲန်ယူနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သော KNU ၏ (၁၇) ကြိမ်မြောက်ကွန်ကရက်တွင် ကြီး (၅) ကြီးဖြစ်သော ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း၊ ဒု-ဥက္ကဋ္ဌအဖြစ် ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပဒိုစောတာဒိုမူး၊ တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် ပဒိုစောသောသီနှင့် တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် ပဒိုစောလှထွန်းမှ အသီးသီးရွေးကောက်တင်မြောက်ခံရပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် ကြီး (၅) ကြီးအပါအဝင် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗိုလ်မှူးချုပ်စောတာမလာသော၊ ပဒိုနော်ဒါးဒါး၊ ပဒိုစောတောနီး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုစောလောအယ်မူးနှင့် ဗဟိုတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးတို့က ရွေးချယ်ခြင်းခံခဲ့ရသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here