ဟိုင်းကြီးကျွန်း ပင်လယ်ပြင်တွင် ရိုဟင်ဂျာ ၆၂ ဦး ဖမ်းဆီးခံရ

0
188

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်မှာ မောင်းနှင်လာသော စက်လှေကို စစ်ကောင်စီလက်အောက်ခံ ဟိုင်းကြီးကျွန်း ရေတပ်စခန်းမှ စစ်ရေယာဉ်က လိုက်လံတားဆီးစစ်ဆေးခဲ့ရာမှ ဖမ်းဆီးခံလိုက်ကြောင်း သိရသည်။

ဒေသခံ မူဆလင်လူငယ်တစ်ဦးက “အသက် မပြည့်သေးသူ တချို့လည်းပါတယ်။ စက်လှေသမားတွေကိုလည်း ဖမ်းမိထားတယ်။ ဖုန်းတွေနဲ့ ငွေတွေကို ရေတပ်က သိမ်းသွားတယ်။ စာရင်းအတိအကျတော့ စစ်ဆေးနေဆဲဆိုတော့ မသိရသေးဘူး“ ဟု ပြောသည်။

စက်လှေပေါ်တွင် ပါရှိလာသော ရိုဟင်ဂျာ အမျိုးသား ၅၀ ဦးနှင့် အမျိုးသမီး ၁၂ ဦးကို မေလ ၅ ရက်နေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးရမိထားသည့် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၆၂ ဦးကို ငပုတောမြို့ကိုခေါ်လာပြီး ယင်းမြို့က ရေသန့်စက်ရုံ၏ ဂိုထောင်တစ်ခုမှာ နေချထားပေးသည်ဟု ဆိုသည်။

၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအပြင် ရဲတပ်ဖွဲ့က စစ်ဆေးနေသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၆၂ ဦးအတွက် စားရေးသောက်ရေးနှင့် အခြား လူမှုရေးအကူအညီများကို မြို့ခံ မူဆလင်ဘာသာရေးအဖွဲ့အစည်းများက ကူညီပေးထားသည်ဟု ဆိုသည်။

မြန်မာ မူဆလင် ချစ်ကြည်ရေးကွန်ရက် အဖွဲ့ဝင်တစ်ဦးက “သူတို့က ရခိုင်ပြည်နယ် ဗူးသီးတောင် မောင်းတောမြို့နယ်ဘက်က ကျေးလက်ဒေသတွေမှာ နေထိုင်သူတွေပါ။ နေရေးစားရေးတွေ ကြပ်တည်းလွန်းလို့ အသက်ရှင်သန်ရေးအတွက် မွေးရပ်မြေကို စွန့်ခွာလာသူတွေပါ” ဟု ပြောသည်။

ဖမ်းဆီးခံရသော ရိုဟင်ဂျာ ၆၂ ဦးမှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတောဒေသရှိ ဒုက္ခသည်စခန်းများက ထွက်ခွာလာသူအများစု ပါဝင်သည်ဟု ၎င်းတို့အား ကူညီပေးနေသည့် မြို့ခံ မူဆလင် ဘာသာရေး အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်ထဲ ဒေသအတွင်း နိုင်ငံရေး၊ စစ်ရေး မငြိမ်သက်မှုများ ရှိနေခြင်းကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၁၁ ခု ဝန်းကျင်ရှိနေပြီး စားဝတ်နေရေးနှင့် အလုပ်အကိုင် ရရှိရေး အခက်အခဲများရှိနေသည်ဟု မြန်မာ မူဆလင်လူငယ်ကွန်ရက်အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ထဲရှိ ဒုက္ခသည်စခန်းများက ထွက်ခွာလာသည့် ရိုဟင်ဂျာ ၇၀ ဦးကျော်ကို ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အနီး ပင်လယ်ပြင်တွင် စစ်ကောင်စီ၏ ရေတပ်က ဖမ်းဆီးခဲ့ပါသေးသည်။

ဖမ်းဆီးရမိသော ရိုဟင်ဂျာ ၇၀ ကျော်ကို ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားမှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၆၃-က နှင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး ငပုတောမြို့နယ် တရားရုံးက ဧပြီလ ၂၅ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here