“လေယာဉ်နဲ့က ပိုပြီး ကြောက်ဖိုကောင်းတယ်။ ကျမတို့က ပုန်းခိုကျင်းတူးထားပေမယ့်လည်း ဘယ်ကျမယ်ဆိုတာ တိတိကျကျမသိနိုင်တော့ ပုန်းကျင်းထဲမှာ ကိုယ့်နေနိုင်သလောက်တော့ ကိုယ်နေတယ်။ ဒါပေမဲ့ လုံခြုံမှုတော့ ကျမတို့အတွက် မရှိဘူးပေါ့” ဒေါ်ရိုစီ (စစ်ဘေးရှောင်ပြည်သူ)

0
367

ကရင်နီဒေသတွင်း စစ်ဘေးရှောင်စခန်းများမှ စစ်ရှောင်ပြည်သူများ၏ စကားသံများစုစည်းမှု

စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ၂ နှစ်နီးပါးအထိ ခိုလှုံလာကြရတဲ့ ကရင်နီပြည်က စစ်ရှောင်အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ ဘဝလုံခြုံမှုနဲ့ပတ်သက်ပြီး ဘယ်လိုစိုးရိမ်ချက်တွေ ရှိနေပါသလဲ။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းရန်တွေကနေအပြင် တခြားသော လုံခြုံရေး စိန်ခေါ်ချက်တွေအပေါ် စစ်ရှောင်အမျိုးသမီးတွေရဲ့ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

မနန်းအောင်

“ကျမအနေနဲ့ အကြမ်းဖက်ခံရမှာကို စိုးရိမ်မှုတွေတော့ ရှိတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ဒီခေတ်မှာ ဥပဒေလည်း မရှိတဲ့အတွက်ကြောင့် ကိုယ့်ကိုယ် လုံခြုံအောင်တော့ နေရတယ်ပေါ့။ ပြီးတော့ အခုကာလမှာ ဘယ်သူ့မှလည်း လုံခြုံမှုရှိမယ်လို့လည်း မထင်ဘူးလေနော။ ကျမယုံကြည်တယ်ပေါ့နော။ ပြီးတော့ လက်နက်ကြီးတွေကလည်း အမြဲတမ်းကျနေတဲ့အတွက်ကြောင့် ကိုယ့်ပေါ်မှာပဲ ကျမလာ။ ကိုယ်နေတဲ့ စစ်ရှောင်မှာပဲ ကျမလား။ ကိုယ့်တဲပေါ်မှာပဲ ကျမလားဆိုတာကို အမြဲတမ်းစိုးရိမ်နေရတယ်ပေါ့နော။”

ဒေါ်ရိုစီ

“လက်နက်ကြီးတွေနဲ့တိုက်ခိုက် အခုကျတော့ လေယာဉ်နဲ့ပေါ့။ လေယာဉ်နဲ့က ပိုပြီး ကြောက်ဖိုကောင်းတယ်။ ကျမတို့က ပုန်းခိုကျင်းတူးထားပေမယ့်လည်း ဘယ်ကျမယ်ဆိုတာ တိတိကျကျမသိနိုင်တော့ ပုန်းကျင်းထဲမှာ ကိုယ့်နေနိုင်သလောက်တော့ ကိုယ်နေတယ်။ ဒါပေမဲ့ လုံခြုံမှုတော့ ကျမတို့အတွက် မရှိဘူးပေါ့။ကျမအနေနဲ့တော့ ကျမအတွက်ကော စစ်ရှောင်နေတဲ့ အမျိုးသမီးတိုင်းအတွက်ကော လုံခြုံမှုဆိုတာ မရှိတော့ပါဘူး။ ဘာဖြစ်လိုလည်းဆိုရင် လက်နက်ကြီးက ကိုယ့်ဆီမှာ ဘယ်နေရာ ဘယ်ချိန်ကျမလဲဆိုတာ စိုးရိမ်နေရတယ်။ နောက်တစ်ချက်အနေနဲ့က ဘယ်နေရာကျမလဲဆိုတာ တွေးနေရတဲ့အချိန်ဖြစ်နေတယ်။ ကျလာတဲ့ချိန်မှာဆိုရင် ဘယ်လိုရှောင်ရမလဲဆိုတာ အမြဲတမ်းတွေးနေရတော့ စိုးရိမ်နေရတယ်။ လုံခြုံမှုဆိုတာ ကျမတိုအတွက် မရှိတော့ဘူး။ အမျိုးသမီးတွေပေါ့နော အမျိုးသမီးအတွက်တော့ ကိုယ့်ဆီမှာ ကျလာခဲ့သော် ကိုယ့်ကလေးကို ဘယ်လိုမျိုး ဆွဲခေါ်နိုင်ရမှာလဲဆိုတဲ့ အတွေးနဲ့ဘဲလေး။ ကလေးများတဲ့သူတွေအတွက်ဆို ပိုပြီးတော့မှ စိုးရိမ်ရတယ်ပေါ့‌နော။ ကလေးများတော့ ဘယ်တစ်ယောက်ကိုဆွဲရမလဲ ဘယ်တစ်ယောက်ကို ဆွဲခေါ်ရမလဲဆိုတာ ရှိတယ်ပေါ့နော။ အတွေးတွေနဲ့ ပြာယာခတ်နေရတယ်ပေါ့နော။

မော်ပိုးမာ

“ကျမတို့ရောက်တဲ့နေရာက ကျမတို့ တစ်ခါးမှ မရောက်ဖူးတဲ့ နေရာဖြစ်နေတော့ မိန်းကလေးတွေအတွက် လုံခြုံရေးကို စိုးရိမ်ရတဲ့အတွက်ကြောင့်မလို့ ကိုယ့်ကိုယ် ထိန်းထိန်းနဲ့ နေရတယ်။ ပြီးတော့ ကျမတို့ မရောက်ဖူးတဲ့နေရာဖြစ်နေတဲ့အတွက်ကြောင့်မလို့ အပြင်တွေ ဘာတွေ သွားရင်လည်း တစ်ယောက်တည်းသွားရတာအဆင်မပြေတဲ့အတွက် အဖော်တွေ ဘာတွေ ပါမှပဲ ပိုပြီးတော့ လုံခြုံတယ်လို့ ကျမတို့ ခံစားရတယ်။”

စစ်ရှောင်အမျိုးသမီးတစ်ဦး

“အစကတော့ လုံခြုံမှုတော့ အဲ့လောက်ထိလည်း မရှိပါဘူး။ ဘာဖြစ်လိုလဲဆိုတော့ ကိုယ်က မိန်းကလေးဖြစ်နေတော့ ကိုယ်ကလည်း မပြေးမလွှားနိုင် ကိုယ်ကလည်း လက်နက်ကြီးတစ်ဖက် ကြောက်လိုက်ရနဲ့ မိုးပေါ်ကလာတဲ့ လေယာဉ်ကြောက်လိုက်ရတာနဲ့ ကိုယ်က လုံခြုံမှုတော့ မရှိပါဘူး။ ပြီးတော့ အိမ်တွင်းမှုကျတော့လည်း အဆင်မပြေဘူး။ ကိုယ်ကဒါမျိုး အဆင်မပြေမှုကြားမှာ ပြေးရတာထဲနဲ့ ကိုယ်က ဆင်းရဲ ဒုက္ခတာထဲနဲ့ အိမ်တွင်းမှုက အဆင်မပြေဘူး။ နောက် စားသောက်ဖိုလည်း အဆင်မပြေဘူး။ ပြီးရင် ကိုယ့်ရဲ့အမျိုးသားကလည်း အရက်လေး ဘာလေး တအားသောက်လို့ အရက်သောက်ခါကျတော့လည်း ပိုက်ဆံမရှိသလောက်လဲ ဆင်းရဲ ဒုက္ခခံရသလောက်လဲ တောင်းတယ် ပြောတယ် ဆိုတယ်အဲ့တာနဲ့ ကိုယ်ကလည်း ဘယ်မှာ သွားယူရမယ်မှန်းလည်း ကိုယ်မသိဘူး။ ပြီးတော့လည်း ကိုယ်က ဒီလောက် ဒုက္ခ‌ရောက်နေတဲ့ကြားထဲမှာ သူကလည်း ဒုက္ခရောက်နေတယ်လို မထင်မှတ်ဘူးထင်တယ်။ ကိုယ်က တစ်ခါခါ ဒေါသ ထွက်မိတယ်။ ရိုက်ချင်စိတ်ပေါက်တယ်။”

မဧမာနွေလ

“မူးယစ်သောက်စားပြီးတော့ ဘယ်ချိန်မှာ ဘာဖြစ်မလဲဆိုတာကို ကိုယ့်အတွက် အန္တရာယ်လည်းရှိတယ်။ ဘယ်ချိန် ကိုယ့်ကိုလာပြီးတိုက်ခိုက်မလဲ။ ပြီးတော့ သွားရလာရတာလည်း မလွတ်လပ်ပါဘူး။ ဘဝလုံခြုံမှု အပေါ်ကတော့ ပြောရမယ်ဆို လုံခြုံမှုတော့ မရှိပါဘူး။ စိုးရိမ်နေရတယ်ပေါ့နော။ ဘာဖြစ်လဲဆိုတော့ လက်နက်ကြီးက ခနခနလိုမျိုးဘဲ လေယာဉ်တွေကိုလည်း ကြောက်ရတယ်။ လေယာဉ်တွေလာတယ် ဟတ်စ်ကီးတွေလာတယ်။ အထူးသဖြင့် အကြမ်းဖက်မှုပေါ့ အကြမ်းဖက်မှုလည်း ကြောက်ရပါတယ်။ အဲ့တာတွေ စိုးရိမ်ရတယ်ပေါ့နော။ ပတ်ဝန်းကျင်ကတော့ အကြမ်းဖက်တာတွေကတော့ ပြောလို့မရပါဘူး။ ရှိတယ်လိုလည်း မပြောနိုင်သလို မရှိဘူးလို့လည်း မပြောနိုင်ဘူး။ စိုးရိမ်နေရတာပေါ့နော။”

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here