ဒေသတွင်း မူးယစ်အဖွဲ့တစ်ခုထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းမိကြောင်း LLPDF ထုတ်ပြန်

0
212

ဒေသတွင်း လက်နက်ကိုင်မူးယစ်အဖွဲ့တစ်ခုနှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LLPDF) က ထုတ်ပြန်ထားသည်။

ညင်းမော်ကျေးရွာ အစပ်မှ ခြံဝန်းတစ်ခုအတွင်း နေထိုင်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းနှင့် ညပိုင်းတွင် ရွာအထဲ၊ အပြင်ဘက် နေ့စဥ် သေနတ်ပစ်ခတ်ခြင်းများကို လုပ်လေ့ရှိသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်ဟု ဆိုသည်။

LLPDF တာဝန်ရှိသူက “သတင်းပေး တိုင်ထားတာတွေ ရှိလို့ မှန် မမှန် အခြေအနေ သိရအောင် လျပ်တပြတ် ကင်းလှည့်သွားလိုက်တာပါ။ တွေ့ရင်လည်း ဖမ်းဆီးအရေးယူမယ့် အစီအစဥ်လည်း ရှိတယ်” ဟု ပြောသည်။

လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအနီး ရမ်းကားနေသည့် လက်နက်ကိုင် မူးယစ်အဖွဲ့ကို ဖမ်းဆီးပေးရန် သတင်းပေးတိုင်ကြားမှုများ ရှိလာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဧပြီလ ၁၈ ရက်နေ့၊ ညပိုင်းတွင် စုံစမ်းထောက်လှမ်းရန် ကင်းလှည့်စဥ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ကင်းလှည့်နေစဥ် ထိုနေ့ည ည ၉း၁၅ နာရီအချိန်ခန့်က လက်နက်ကိုင်ဆောင်ထားသူ ၅ ဦးပါ မူးယစ်အဖွဲ့ကို ထိပ်တိုက်တွေ့ရှိရခြင်းကြောင့် LLPDF တပ်ဖွဲ့က လက်နက်ချရန် ပြောဆိုခဲ့သော်လည်း မူးယစ်အဖွဲ့မှ သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု LLPDF တာဝန်ရှိသူက ဆိုသည်။

ပစ်ခတ်မှုများကို PDF တပ်ဖွဲ့ဝင်များက အချိန်မှီ ရှောင်တိမ်းနိုင်ခဲ့ပြီးနောက် ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရာတွင် မူးယစ်အဖွဲ့မှ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ထွက်ပြေးသွားသည့် မူးယစ်အဖွဲ့များ တွေ့ရှိသည့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာတွင် ကျည်အသင့်ထိုးထားသည့် ဘော်ကာသေနတ် ၁ လက်၊ တူမီးသေနတ် ၂ လက်၊ ဂက်စ်သေနတ် ၁ လက်၊ ယမ်းဖူးကက်များ ၊ WY ဆေးပြား ၄၀၉ ပြား၊ ပုဆိန် ၁လက်၊ ဓါးမျိုးစုံ ၆ လက်၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၃လုံး၊ Power Bank ၁ခု၊ ငွေ ၅၀,၃၀၀ ကျပ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

မူးယစ်အဖွဲ့ဘက်မှ ပစ်ခတ်ချိန် ပြည်သူ့ကာကွယ်ရေး တပ်ဘက်က ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘူးဟုလည်း LLPDF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

လောင်းလုံးမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေခြင်းများကို ကင်းစင်ပပျောက်သွားရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဖေါ်ထုတ် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် မူးယစ် အဖွဲ့ကိုလည်း ဆက်လက်ဖေါ်ထုတ် အရေးယူသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here