စစ်ရေးတင်းမာနေသည့် မြဝတီမြို့နယ် မဲကနယ်ရွာကို စစ်တပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

0
255
Photo: ထိုင်းဖက်အခြမ်းရောက် စစ်ဘေးရှောင်ပြည်သူများ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ရွာအနီးတဝိုက်ကို ဧပြီလ ၁၁ ရက် ယနေ့နံနက်အစောပိုင်းက စစ်ကောင်စီတပ်၏ ဂျက်လေယာဉ် ၂ စီးက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၄ရက်နေ့မှစပြီး မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်၌ အခြေစိုက်ထားသည့် စစ်တပ်နှင့် နယ်ခြားစောင့် တပ် BGF စခန်းများကို ကရင်လက်နက်ကိုင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ရာ ယနေ့အထိ နေ့စဉ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၇နာရီအချိန်ခန့်ကဖြစ်ပြီး လေယာဉ်အသံတွေကြားရပြီးနောက် ပေါက်ကွဲသံ ၁၀ ကြိမ်ခန့် အထိ ကြားလိုက်ရကြောင်း အမည်မဖော်လိုသည့် မြဝတီမြို့ခံတစ်ဦးက နိရဉ္စရာ ကို ပြောသည်။

“ မနက် ၇နာရီကျော်လောက်မှာ ဂျက်လေယာဉ်နှစ်စီးနဲ့ ဗုံးတွေလာကြဲသွားတယ်၊ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေက မဲကနယ်ရွာတဝိုက်ကို သိမ်းထားလိုက်တာလေ၊ စစ်တပ်ဖက်ကလည်း အရင်နေ့တွေက အထိ နာထားတော့ လေကြောင်းပစ်ကူနဲ့လာပစ်သွားတာပေါ့။”

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဖက်အခြမ်း မဲဆောက်မြို့ပေါ်အထိ နံနက်ပိုင်းက ပေါက်ကွဲအသံများကြားရသလို အိမ်တွေပါတုန်ခါသွားကြောင်း မဲဆောက်မြို့ရောက် မြန်မာတစ်ချို့ကလည်း ပြောသည်။

ထိခိုက်ပျက်စီးဆုံးရှုံးမှု နောက်ဆုံးအခြေအနေတွေကိုတော့ မသိရသေးဘဲ တော်လှန်ရေးတပ်ဖွဲ့များဖက်မှ လည်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။

မဲကနယ်ရွာသည် ရွှေကုက္ကိုမြို့သစ်မှ ၁၀ မိုင်ခန့်ကွာဝေးကြောင်း၊ သင်္ဃန်းညီနောက်ဖက်ကိုထွက်သည့် နေရာဖြစ်ကြောင်း၊ ဧပြီလဆန်းပိုင်းကစပြီး ဖြစ်ပွားနေသည့် ယင်းတိုက်ပွဲများကြောင့် မြဝတီမြို့နယ် အတွင်းက ဒေသခံတစ်သောင်းနီးပါးတို့သည် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး၊ လက်ရှိ အချိန်အထိ မြဝတီမြို့နယ်တစ်ဝိုက်တွင် စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဧပြီ ၇ ရက်မှစပြီး ၂၁ ရက်နေ့အထိ မြဝတီမှ ကော့ကရိတ်မြို့အထိ အာရှလမ်းမကြီးလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း လုံးဝ (လုံးဝ) မလုပ်ကြဖို့ မြေပြင်ပူးပေါင်းစစ်ကြောင်း အစည်းအဝေးဆုံး ဖြတ်ချက်အရ တော်လှန်ရေး တပ်ဖွဲ့ ၁၀ ဖွဲ့က ဧပြီ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။ NN – 24

ဌေးဌေးအောင်(နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here