မင်းလှအခြေစိုက် က.ပ.စ – ၁၀အား ရှော့တိုင်ဒုံး (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း PRA ထုတ်ပြန်

0
212

မကွေးတိုင်း၊ မင်းလှမြို့အခြေစိုက် လက်နက်ကြီးကျည် ထုတ်လုပ်တဲ့ အမှတ် (၁၀) ကာကွယ်ရေး ပစ္စည်းထုတ်စက်ရုံ (က.ပ.စ-၁၀) ကို ရှော့တိုက်ဒုံး (၂) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စက်ရုံမီးလောင်ခဲ့ပြီး လူသေဆုံးမှုတွေရှိခဲ့တယ်လို့ PRA မကွေးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၇) ရက်နေ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစက်ရုံဟာ တာဝေးပစ်ဒုံး၊ တင့်ကားသုံး အမြောက်ဗုံးသီးနဲ့ လေယာဉ်ပစ်ဒုံးတွေ ထုတ်လုပ်ပေးနေတဲ့ စက်ရုံတစ်ခုလည်းဖြစ်ပါတယ်။

လက်နက်ကြီးကျည်ထုတ်လုပ်ရေးစက်ရုံ က.ပ.စ -၁၀ ကိုတိုက်ခိုက်တာဟာ PRA Magway ရဲ့ မဟာ ဗျူဟာမြောက် ပစ်မှတ်ထားချေမှုန်းခြင်း ခေါင်းစဉ်အောက်က အရေးကြီး စစ်ဆင်ရေး ပစ်မှတ်တစ်ခု ဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်နက်ကြီး စက်ရုံတိုက်ခိုက်မှုကို People Revolution Alliance (PRA Magway)၊ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အထက်မင်းလှ ပ.က.ဖ) နဲ့ မကွေးတောင်ပိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(SMPDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရှိုချင်း ကာကွယ်ရေးတပ် (ACDF) နဲ့ Key of Revolution) ပျောက်ကြားတပ်ဖွဲ့တို့လည်း ကူညီအားဖြည့်ပေးခဲ့ကြတယ်လို့ သိရ ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီပစ်မှတ်တွေကို တိုက်ခိုက်ချိန်ကြာမြင့်နေတာနဲ့ ပတ်သက်ပြီး စိတ်ပျက်မသွားဘဲ ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ ဗျူဟာမြောက်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် သတင်းစုဆောင်းရတာ၊လက်နက်ခဲယမ်းစုဆောင်းရတာနဲ့ ထောက်ပို့လမ်းကြောင်းတွေ ဖန်တီးရတာတဲ့ အခက်အခဲတွေရှိနေသေးတယ်လို့ PRA မကွေးစစ်ဦးစီးချုပ်က မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီ က.ပ.စ-၁၀ ကိုသွားရောက်တိုက်ခိုက်ချိန်မှာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေ အဲဒီစက်ရုံကိုရောက်ရှိနေတာ ကို တပ်တွင်းသတင်းပေးတွေနဲ့ PRA ရဲ့ထောက်လှမ်းရေးအဖွဲ့တွေစုံစမ်း သိရှိထားတာဖြစ်တယ်လို့ ဆိုထားပြီး သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်နက်ကြီးစက်ရုံ တိုက်ခိုက်ခံထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here