ကရင်နီနှင့် ရှမ်းတောင်ဒေသတွင်း နယ်မြေထိန်းချုပ်မှုအတွက် စစ်ကောင်စီနဲ့အပြိုင် တိုက်ယူနေပြီး တိုက်ပွဲ ပိုပြင်းထန်နိုင်တယ်လို့ KNDF စစ်ရေးချုပ် ပြောဆို

0
251

ကရင်နီပြည် နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အပါအဝင် စစ်ကောင်စီကနေ စစ်မျက်နှာပြင် (၅) ခုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး မတ်လတစ်လတာအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

မတ်လဆန်းလောက်ကနေ ဧပြီလ ၅ ရက်နေ့အထိ စစ်ရေးပြင်းထန်နေသလို စစ်ကောင်စီနဲ့ နယ်မြေထိန်းချုပ်မှုကို အပြိုင်အဆိုင် လုယူနေတဲ့ အခြေအနေမှာရှိနေပြီး မိုးဦးမကျခင်အထိ ထိတွေ့ တိုက်ပွဲတွေ ပိုပြင်းထန်ဖို့ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူက ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားပါတယ်။

“ကျနော်တို့တွေက လက်ရှိမှာ စစ်ကောင်စီတို့နဲ့ ကျနော်တို့တွေက ဒီ နယ်မြေထိန်းချုပ်မှုကို အပြိုင်အဆိုင်လုယူနေရတဲ့ အနေအထားမှာရှိနေတယ်ပေါ့“ လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ကရင်နီပြည်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဆီကို ရိက္ခာပို့ဆောင်ပေးတဲ့ စစ်ကြောင်းတွေဟာ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ရိက္ခာဖြည့်တင်းနိုင်မှုမရှိခဲ့တဲ့အတွက် ဒီနှစ် မိုးဦးမတိုင်ခင် နယ်မြေထိန်းချုပ်မှုယူပြီး ရိက္ခာဖြည့်တင်းချင်တဲ့ အနေအထားမှာရှိတယ်လို့ ခူးရီးဒူက ပြောပါတယ်။

“သူတို့တွေက နယ်မြေထိန်းချုပ်မှု ကြိုးစားနေတယ်။ ဒုတိယတစ်ချက်က သူတို့ ရိက္ခာတွေ အရင်တစ်နှစ်က ဖြည့်တင်းနိုင်ခြင်းမရှိတဲ့အပေါ်မှာ ဒီနှစ်မှာ သူတို့တွေက သူတို့တပ်တည်ရှိတဲ့နေရာကို ရိက္ခာရောက်အောင်ဖြည့်တင်းချင်တဲ့ အနေအထားမှာရှိတယ်။ အဓိကတော့ အဲဒီနှစ်ချက်ပေါ့။” လို့ ခူးရီးဒူက ဆက်ပြောပါတယ်။

နိုင်ငံတကာမှာ စစ်ကောင်စီက တရားဝင်မှုကို ပြသနိုင်ဖို့အတွက် ခုခံတော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ကရင်နီပြည်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့အပြင် တစ်ဖက်မှာလည်း နယ်နိမိတ်ချင်းနီးစပ်တဲ့ နေပြည်တော်ကောင်စီအထိ တော်လှန်မှုမဖြစ်စေဖို့အတွက် အပြတ်အသတ်နှိမ်နင်းနေတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။

တစ်ဖက်မှာလည်း နယ်မြေထိန်းချုပ်နိုင်ဖို့ လေကြောင်း၊ ကုန်းကြောင်းကနေ အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်း နဲ့ ရှမ်းတောင်ပိုင်းမှာတော့ လက်ရှိအချိန်ထိ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

“ဖယ်ခုံအနောက်ဖက်ခြမ်း၊ ရှမ်း-ကယားနယ်စပ် ဖက်တော့ ပစ်နေတယ် အခုထိပဲ” လို့ ဖယ်ခုံPDFတပ်ရင်း (၂) တာဝန်ရှိသူတစ်ဦးက ဧပြီ (၅)ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

၂၀၂၃ခုနှစ်၊ မတ်လတစ်လအတွင်း တိုက်ပွဲပေါင်း (၁၀၂) ကြိမ်ဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးနောက် ကရင်နီမှာ ထိတွေ့တိုက်ပွဲအများဆုံးဖြစ်တဲ့ လ အဖြစ် စံချိန်တင်ခဲ့ပါတယ်။

“၂၀၂၃ခုနှစ် မတ်လမှာကတော့ ထိတွေ့တိုက်ပွဲအကြိမ်ရေ အများဆုံး စံချိန်တင်တယ်လို့ ပြောလို့ရပါတယ်။ စစ်ကောင်စီက ကရင်နီပြည်နယ်မှာရှိတဲ့ တချို့မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း တိုက်ပွဲဖြစ်တဲ့အကြိမ်ရေ အများဆုံးဖြစ်တဲ့ လလို့ပြောလို့ရတယ်ပေါ့နော။” လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာလည်း နေ့တိုင်း ထိတွေ့မှုတွေ ရှိနေပြီး ယမန်နေ့ (ဧပြီ ၄ ရက်) က ဒေါတငူး၊ တနီးလားကျေးရွာဖက်မှာ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့သလို စစ်ကောင်စီဖက်က သေဆုံးမှု၊ ထိခိုက်မှုရှိတယ်လို့ ခူးရီးဒူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာအပြင် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို ယမန်နေ့က စစ်ကောင်စီကနေ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

မတ်လ ၉ ရက်နေ့ကစ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါတမကြီး၊ ဒေါညေးခူ၊ ဘောလခဲတစ်ကြောကို စစ်ကောင်စီ စစ်ကြောင်း ၃ ကြောင်းနဲ့ ခြောက်မိုင်၊ ဒေါတငူး၊ တနီးလားလဲ ဖက်ပိုင်းမှာ စစ်ကြောင်း ၃ကြောင်း ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ရှမ်းတောင်ဖက်မှာတော့ စစ်ကောင်စီ အနည်းဆုံး စစ်ကြောင်း ၃ကြောင်း ထိုးနေတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

မတ်လတစ်လတာအတွင်း ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက် ရာချီသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတာရှိခဲ့ပါတယ်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here