မင်္ဂလာဒုံလေတပ်အနီးပေါက်ကွဲများနှင့်သေနတ်သံများ ထွက်ပေါ်ခဲ့၊ စစ်ဆေးမှုများ တင်းကြပ်ထားဟုဆို

0
347

ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်နှင့် လေတပ်အနီး ပေါက်ကွဲ သံများနှင့် သေနတ်သံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“တော်တော်ကျယ်တယ်ဗျ၊ တော်တော်များများကြားပါတယ်။ မြောက်ဥက္ကလာထဲကလည်း ကြားလောက်တယ်၊ မရမ်းကုန်းကရောပေါ့။ အခု စခ တွေ တော်တော် ပိတ်စို့စစ်တာတွေလုပ်နေတယ်။ ကျတော်တို့ ကားတောင် စစ်ဆေးခံခဲ့ရတယ်” ဟု ၁၀ မိုင်ကုန်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ပေါက်ကွဲမှုအသံများသည် ဧပြီ ၆ ရက်နေ့ ည ၉ နာရီ ခွဲကျော်ခန့်က ကြားခဲ့ရကြရ ခြင်းဖြစ်ပြီး ပေါက်ကွဲသံ ၅ ချက်ခန့်ရှိကြောင်းကိုလည်း ဒေသခံများတစ်ချို့နှင့် ကြားသိရသူတစ်ချို့ ပြောပြချက် အရသိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ယက်တွင် မင်္ဂလာဒုံလေဆိပ်ထဲသို့ ဇေကမ္ဘာဝန်းဘက်မှ ရှော့တိုက်ဒုံး ၅ လုံးခန့်ဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် မင်္ဂလာဒုံလေဆိပ် အုန်းဆိုသည့် ရေးသားထားမှုများကို တွေ့ရှိရသည်။

စစ်ကောင်စီ၏ သတင်းများ ဖြန့်ဝေသည် သတင်းစာမျက်နှာများတစ်ခုတွင် “မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီလ ၆ ရက်နေ့ ည ၉ နာရီ အချိန်က ရှော့တိုက်ဒုံး ၅ လုံးဖြင့် PDF အကြမ်းဖက်သမားများ ပစ်ခတ်တိုက်ခိုက်ဟု ကနဦးသတင်းရသည်” ဟု ရေးသား ဖော်ပြထားကြောင်းကိုလည်း တွေ့ရှိရသည်။

စစ်ကောင်စီတပ်သားသည် မင်္ဂလာဒုံ မြို့နယ်နှင့် ဆက်စပ် လမ်းဆုံများ၊ မြောက်ဥက္ကလာ အဝိုင်းနှင့် ၁၀ မိုင်ကုန်းကုန်းဖြတ်တက်သည့် လမ်းများ၊ ရွှေပြည်သာဘက်ခြမ်းနှင့် ဒညှင်းကုန်းလမ်းဆုံးများတွင် ဖြတ်သန်းသွားလာသည့်သူများ ဖုန်းများ စစ်ဆေးခြင်း၊ ယာဉ်များစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ည ၁၀ နာရီခွဲအချိန်ကျော်လောက်သည့် မြောက်ဥက္ကလာပ မြို့နယ်ထဲတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ကားများဖြင့် လှည့်ပတ်နေမှုများပြုလုပ်နေကြောင်းကိုလည်း မြောက်ဥက္ကလာအတွင်း နေထိုင်သူများက ပြောသည်။

ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းများက လုပ်ဆောင်ခြင်းကိုတော့ နိရဉ္စရာသတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here