ဖလမ်းနှင့် ဟားခါးမြို့အကြားရှိ တလန်ဇာရ်ရွာမှ လူနေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

0
179

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့အကြား ကားလမ်းမပေါ်တွင်တည်ရှိသော တလန်ဇာရ် (Tlangzar) ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၃ ရက်နေ့က မီးရှို့ခဲ့ပြီး အိမ်ခြေ ၆ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့မှ ဟားခါးမြို့သို့ ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့သည် တလန်ဇာရ်ကျေးရွာအနီးတွင် ဧပြီလ ၃ ရက်နေ့ ၁၁ နာရီမှ နေ့လည် ၁၂ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က တလန်ဇာရ်ရွာက နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းရောက် ချင်းကာကွယ်ရေး ရဲဘော်တဦးက ပြောသည်။

“ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ထိတွေ့မူရှိတယ် တောက်လျှောက်တိုက်ပွဲ ဖြစ်နေတယ်၊ ဖလမ်းကနေလည်း လက်နက်ကြီး အမြဲတမ်းပစ်ကူတယ်။ အဝေးက နေမြင်ရတယ်ဆိုတော့ ၆ အိမ်လောက်တော့ ခန့်မှန်းထားတယ် အတိအကျ မသိနိုင်သေးဘူး။ ကျွန်တော်တို့ သူတို့အနီးအနားမှာ မသွားရဲသေးဘူးဆိုတော့။” ဟု ရှေ့တန်းရောက် ချင်းကာကွယ်ရေးရဲဘော်တဦးက ပြောသည်။

ဧပြီလ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဖလမ်းမြို့နှင့် ၁၀ မိုင်ခန့်ဝေးသော Tlangrawn ကျေးရွာက လူနေအိမ် ၂၀ ဝန်းကျင်ခန့် သွပ်မိုး၊ အကာအရံများ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်ဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းသည် လက်ရှိ ဖလမ်းမြို့နယ် ရမ်ထလိုရွာနှင့် တလန်ဇာရ်ကြားတွင် ရောက်ရှိနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

“သူတို့တက်လာတာက သုံးပတ်လောက်ကြာပြီပေါ့ သူတို့ဗျူဟာအရ ဖြစ်နိုင်တာပေါ့နော့ သူတို့တက်လာမယ့်လမ်းကြောင်းတွေမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေလည်း အကုန်လုံးရှိတယ်ဆိုတော့ သူတို့က ကြောက်တယ်လို့ ခန့်မှန်းထားတယ်။ ဒီမနက် ၄ နာရီကနေပြီး လက်နက်ကြီး၊ ငယ်တွေနဲ့ပစ်တယ်၊ ဖလမ်းကနေလည်း ၁၂၂ နဲ့ ပစ်ကူပေးတယ်။” ဟု ချင်းကာကွယ်ရေး ရဲဘော်တဦးက ပြောသည်။

တလန်ဇာရ်ရွာသည် ဖလမ်းမြို့နှင့် ၁၇ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၃၀ မှ ၅၀ ကြားရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် ရမ်ထလို (Ramthlo) ရွာနှင့် တလန်ဇာရ်ကျေးရွာကြားတွင် တပ်စွဲနေထိုင်နေသေးသောကြောင့် ပြည်သူများအနေဖြင့် ထိုလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးထားသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here