မတူပီမြို့နယ် ကလားကျေးရွာကို စစ်ကောင်စီက တရွာလုံးနီးပါး မီးရှို့ဖျက်ဆီး

0
275

ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-ပလက်ဝကားလမ်းမပေါ်ရှိ ကလားကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှိုဖျက်ဆီးကာ လူနေအိမ်ခြေ ၃၀ ခန့် မီးလောင်ပြာကျခဲ့သည်ဟု သိရသည်။

မတူပီမြို့မှ ပလက်ဝမြို့ဘက်သို့ ရိက္ခာပို့ဆောင်ရန်သွားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကလားကျေးရွာကို မတ်လ ၃၁ ရက်နေ့က မီးရှိုကာ နေအိမ် ၉ လုံးနှင့် ဧပြီလ ၁ ရက်နေ့တွင် နေအိမ် ၂၁ လုံး စုစုပေါင်း အိမ်ခြေ ၃၀ ပြာကျခဲ့ရသည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“အဲ့ဒီ ကလားကျေးရွာနားမှာ တိုက်ပွဲဖြစ်တယ်၊ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးလည်း ပျက်သွားတယ်၊ နောက်ပိုင်းကျတော့ သူတို့ ရွာထဲဝင်တယ်၊ နေအိမ်တွေကို မီးရှို့တယ်။ ၃၁ ရက်နေ့မှာ အောက်ရွာကို ရှို့တယ်။ အပေါရွာမှာ သူတို့ တစ်ညနားသေးတယ်။ ပြီးတော့ ဧပြီလ ၁ ရက်နေ့မှာ သူတို့ ထွက်ခါနီးမှာ အဲ့အပေါ်ရွာက ၂၁ အိမ်ကို မီးရှို့ပြီးမှပဲ သူတို့ ဝလံတဲကျေးရွာဘက်ကို သွားတယ်။” ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဆလိုင်းပါထောင်းက ပြောသည်။

ထို့အပြင် ဧပြီလ ၃ ရက်နေ့မှာလည်း ဝလံတဲကျေးရွာက နေအိမ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဆက်လက်မီးရှို့ခဲ့ပြီး ပျက်စီးမှုအခြေအနေအသေးစိတ်ကိုမူ မသိရသေးကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလားကျေးရွာသည် မတူပီမြို့မှ ၂၄ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ စုစုပေါင်း ၄၅ အိမ်ရှိသည့်အနက် စစ်ကောင်စီ၏ မီးရှို့မှုကြောင့် ၁၅ အိမ်သာကျန်ရှိတော့သည်။

မတူပီမြို့နယ်တွင် ပြီးခဲ့သည့်မတ်လ ၂၀ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့အကြားတိုက်ပွဲ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတွင်လည်း မတူပီ-ပလက်ဝအကြား ကလားကျေးရွာ၊ ဝတံတဲကျေးရွာတို့မှ ဒေသခံပြည်သူများသည် တောထဲကိုထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here