စစ်ကောင်စီက NLD ပါတီအား ဖျက်သိမ်းလိုက်ခြင်းကြောင့် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက ထုတ်ပြန်

0
266

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီအပါအဝင် ပါတီပေါင်း (၃၉) ပါတီအား ပြန်လည်မှတ်ပုံမတင်သည့်အတွက် ဖျက်သိမ်းကြောင်း မတ်လ (၂၈) ရက်က ထုတ်ပြန် ကြေညာပြီးနောက် အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ ကနေဒါ၊ ဗြိတိန် အစရှိသည့် နိုင်ငံများက စိုးရိမ်ဖွယ်ရာ အခြေအနေကျရောက်နေသော မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဂျပန်အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာကြရန် မြန်မာစစ်တပ်အပေါ် အမြဲတိုက်တွန်းနေခဲ့ကြောင်း၊ လက်ရှိ နိုင်ငံရေးဖြစ်စဉ်မှ NLD ပါတီကို ဖယ်ရှားလိုက်ခြင်းအတွက် အလွန်အမင်း စိုးရိမ်မိကြောင်း နှင့် အခြေအနေကောင်းမွန်တိုးတက်လာရန် ပိုမိုခက်ခဲသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဂျပန်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်အားလုံး လွှတ်ပေးပြီး အဖွဲ့အစည်းအားလုံးပါဝင်သော ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာကြရန် မြန်မာစစ်တပ်ကို တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ဖေဖာ်ဝါရီလ (၁) ရက်၊ အရေးပေါ်ကာလအခြေအနေ ထပ်မံသက်တမ်းတိုးပြီးနောက်ပိုင်း အရပ်သားများအပေါ် ပိုမိုပြင်းထန်စွာ တိုက်ခိုက်နေမှုကိုလည်း ရပ်တန့်ပေးရန် တိုက်တွန်းခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဒေါ်အောက်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီအပါအဝင် ပါတီ (၃၉) ခုအား ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာပြည်သူတို့၏ လွတ်လပ်ခွင့် နှင့် အခြေခံရပိုင်ခွင့်များအပေါ် ထိုးနှက်လိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

“အဓိပ္ပါယ်ပြည့်ဝပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုမရှိဘဲ စစ်ကောင်စီက ဖန်တီးခဲ့သည့် လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် နည်းလမ်းမရှိကြောင်း“ ဟု ဖော်ပြခဲ့သလို စစ်ကောင်စီ၏ နိုင်ငံရေးအရ လှုံ့ဆော်အပြုမူများနှင့် ပိုမိုတိုးပွါးလာနေသော ရက်စက်သည့် နည်းနာများက အတိုက်အခံများအား ကြောက်ရွံ့မှု မျိုးစေ့ကိုသာ ပျိုးထောင်ပေးနေကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်းစုံ (all stakeholders) ပါဝင်ခြင်း မရှိသည့် ရွေးကောက်ပွဲတစ်ခုသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု မခေါ်ဆိုနိုင်ကြောင်း၊ စစ်အစိုးရအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်နေချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေခြင်းမှာ မတည်မငြိမ်ဖြစ်မှုကိုသာ တိုးပွါးစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဌေးဌေးအောင်(နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here