တိုက်ပွဲများဖြစ်ပွားနေသည့် ရွှေကူမြို့နယ်အတွင်း လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံနေရ

0
255

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား နေပြီး၊ အရပ်သား ပြည်သူများ ဖမ်းဆီးခံရမှု နှင့် လျှပ်စစ်မီး၊ ဖုန်းလိုင်းများ ပြတ်တောက်ခံထား ရကြောင်း ဒေသခံများထံမှ သိရသည်။

စီမူလေးနှင့် စီမူကြီး ကျေးရွာ ၂ခုကြားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ၃၀ ခန့်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

“နန့်လန်ရွာထဲမှာလည်း အဖမ်းခံထားရတဲ့ ပြည်သူတွေ ၃၀ ကျော်နေပြီလို့ပြောတယ်။ အဲ့မှာက အမျိုးသားတွေပဲဖမ်းခံရတာ အဲ့ရွာတွေက တိုက်ပွဲတွေဖြစ်နေလို့ ကြောက်လို့ ရွာထဲမှာသိပ်မနေကြဘူး။ သူတို့ရဲ့ ကျွဲ၊နွားတွေနဲ့ အိမ်တွေကို စိတ်မချလို့ ခဏလာကြည့်ကြရင်း သွားတဲ့အခါမှာ စစ်ကြောင်းနဲ့တိုးလို့ ဖမ်းခံလိုက်ကြတာဟုတ်။ ဖမ်းခံရတဲ့သူတွေ တစ်ယောက်မှ ပြန်မလွတ်လာကြသေးဘူး” ဟု ပြောသည်။

စစ်ရေးတင်းမာမှုဖြစ်ပွားနေသော ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများဖြစ်ကြသည့် Atom ဖုန်းလိုင်း၊ Mytel ဖုန်းလိုင်းနဲ့၊ MPT ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားကြောင်းသိရသည်။

စစ်ရေးတင်းမာမှုရှိနေသည့်အဆိုပါ ဒေသများတွင် မတ်လ ၂၇ ရက်နေ့မှ လျှပ်စစ်မီးများ ဖြတ်တောက်ခံထားရသည်ဟု ရွှေကူဒေသခံတစ်ဦးက KNG ကိုပြောသည်။

“လျှပ်စစ်မီးလည်းဖြတ်ထားတယ် ။ မနေ့ကတစ်နေကုန် တစ်ညလုံးမလာဘူး ဒီနေ့လည်းခုထိမလာသေးဘူး ရွှေကူမှာခါတိုင်းဒီလိုင်မီးမပျက်ဘူး။ ရွှေကူတစ်မြို့နယ်လုံးပဲရွာတွေလည်းမလာဘူး ဗန်းမှော်မြို့နယ်ထဲတော့လာတယ်” ဟုပြောသည်။

ဖမ်းဆီးခံထားရသော ပြည်သူ ၃၀ ကျော်သည် ကျေးရွာချင်းကပ် နန့်လန်၊ နောင်လတ်ကြီး၊ ဝင်ဝ စသည့် ကျေးရွာပြည်သူများဖြစ်ကြောင်း သိရသည်။

ရွှေကူအရှေ့ဘက်ခြမ်းတွင် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ စစ်အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီ တပ်မ ၇၇၊ တပ်မ ၁၀ ပူးပေါင်းတပ်တို့သည် ကျေးရွာတစ်လျှောက်တွင် စစ်ကြောင်းထိုးဝင်ရောက်နေပြီး KIA နှင့် PDF ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာမှုဖြစ်ကာ ယနေ့အထိ တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီဖြစ်သည်။

အဆိုပါ ရွှေကူမြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာ ၈ နေရာခန့်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲထားသည့်အတွက်ကြောင့် ဒေသခံထောင်ချီသည် တိုက်ပွဲဖြစ်ပွားမှုမရှိသေးသည့် နီးစပ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here