ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို ဒေသခံ PDF ဝင်ရောက်စီးနင်း

0
278

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေရွာကျေးရွာအုပ်စု၊ ဝါးကျွန်းကျေးရွာရှိ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်စခန်း တစ်ခုကို မတ် ၂၇ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တပ်ဖွဲ့ဝင်အင်အား ၁၅ ဦးနီးပါးနေထိုင်တဲ့ စစ်ကောင်စီ ပြည်သူ့စစ်စခန်းကို အဲဒီနေ့ မနက် ၂ နာရီလောက်မှာ ဘုတ်ပြင်းမြို့နယ်နဲ့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လျှပ်တပြတ် ဝင်ရောက်စီးနင်းခဲ့တာပါ။

စခန်းဝင်ရောက်စီးနင်းစဉ် ပြည်သူစစ်ခေါင်းဆောင်နဲ့ ဒု-ခေါင်းဆောင်အပါအဝင် ၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သေနတ် ၅ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဘောက် ၁၇ ခု၊ ကျည်ဆံတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖမ်းဆီးရမိတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို စစ်ဆေးမြန်းပြီးနောက် ပြည်သူစစ်ခေါင်းဆောင်နဲ့ ဒု-ခေါင်းဆောင်တို့ ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး ကျန် ပြည်သူ့စစ်အဖွဲ့ဝင်တွေကိုတော့ သတိပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ဘုတ်ပြင်းမြို့နယ်ထဲက ပြည်သူစစ်အဖွဲ့ဝင်တွေရဲ့ အမည်စာရင်းအားလုံး ရရှိထားပြီးဖြစ်တဲ့အတွက် ကျန်ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း အမြန်ဆုံး နုတ်ထွက်ကြဖို့နဲ့ သတိပေးထားတဲ့ကြားက စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ဆက်လက်ရပ်တည်ရင် ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

ပြည်သူစစ်စခန်းစီးနင်းခံရပြီးနောက် စစ်ကောင်စီဘက်က ရေကြောင်း၊ ကုန်းကြောင်းနဲ့ အင်အားအလုံးအရင်း ထိုးစစ်ဆင်ဝင်ရောက်လာပြီး ဝါးကျွန်းတဝိုက်မှာ PDF တပ်ဖွဲ့ဝင်တွေကို တောနင်းရှာတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here