ရခိုင်ရှိ အရပ်ဘက်အဖွဲ့ များအား NUG နှင့် PDF တို့အား ငွေကြေးမထောက်ပံ့ရန် စစ်ကောင်စီသတိပေး

0
360

ရခိုင်ပြည်မှ လူမှုအရပ်ဘက်အဖွဲ့အစည်းများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများ၊ မတရားအသင်းအဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှုမပြုလုပ်ရန်နှင့် မတရားအသင်းများနှင့် ဆက်သွယ်မပြုလုပ်ကြရန် စစ်ကောင်စီ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သတိပေးပြောဆိုလိုက်သည်ဟု သိရသည်။

ယမန်နေ့ မတ်လ (၂၈) ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် ရခိုင်ရှိ အရပ်ဘက်အဖွဲ့အစည်း (၃၀) ခန့်အား စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးသို့ ခေါ်ယူပြီး သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် စစ်တွေမြို့မှ အမည်မဖော်လိုသည့် အရပ်ဘက်အဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

“အရပ်ဘက်အဖွဲ့အစည်းတွေက တော့ ငွေကြေးတွေ သုံးပြီးတော့ အလုပ်ကို လုပ်ရတာပေါ့။ ငွေကြေးဆိုတဲ့နေရာမှာ နိုင်ငံခြားဝင်တွေလည်း ရှိတာပေါ့။ အဲဒီငွေကြေးတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ မတရားအသင်းအဖွဲ့အစည်းတွေကို ထောက်ပံ့မှုမလုပ်ဖို့ ပြောတယ်။ ဝန်ကြီးချုပ်ပြောတာကတော့ တည်ဆဲဥပဒေအရ လိုက်နာဖို့ ပြောပြတာပေါ့။ နောင်တချိန်မှာ အရေးယူမှုတစ်ခုခု မဖြစ်ရအောင်ဆိုပြီးတော့ ပြောတယ်။ နောက်တစ်ခုက NUG နဲ့ PDF တွေကို ထောက်ပံ့မှု မလုပ်ဖို့ကို အဓိက ထုတ်ပြီးပြောတယ်။ ကျန်တာတွေကတော့ မတရားအသင်းတွေ၊ အကြမ်းဖက်အဖွဲ့တွေနဲ့ မဆက်စပ်ဖို့ ပြောတာပါ” ဟု ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်ရှိ မှတ်ပုံတင်ထားသည့် လူမှုအဖွဲ့အစည်းများအနေဖြင့် အဖွဲ့စည်း၏ မှတ်ပုံတင် သက်တမ်းတိုးခြင်းများကိုလည်း ပြုလုပ်ရန် ပြောဆိုမှုများရှိခဲ့သည်ဟု နောက်ထပ် စစ်တွေမြို့မှ လူမှုအဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“မှတ်ပုံတင်ထားတဲ့ ကိစ္စတွေကို ပြန်လည် စိစစ်ပြီးတော့ မှတ်ပုံတင်ရေးကိစ္စတွေကို ဆောင်ရွက်ခိုင်းပါတယ်။ ကျနော်တို့အသင်းမှာက မှတ်ပုံတင်ထားတာ သက်တမ်းမပြည့်သေးဘူးလေ။ သက်တမ်းက ၅ နှစ်တစ်ခါ တင်ရမှာ။ နောက်ထပ် တရားမဝင် အဖွဲ့တွေကို မကူညီဖို့၊ မပတ်သက်ဖို့ ပြောဆိုတာတွေရှိပါတယ်။ တနည်းအားဖြင့်ဆိုရင် သတိပေးတာပေါ့။ အဲဒီဥပဒေအရ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ရင် ဘယ်လိုပြစ်ဒဏ်တွေရှိတယ်ဆိုပြီး ပြောပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် အရပ်ဘက်အဖွဲ့အစည်းပေါင်း (၆၀၀) ကျော်ခန့်ရှိသည်ဟု သိရသည်။

ယင်းအဖွဲ့အစည်းများကို ယခုကဲ့သို့ စစ်ကောင်စီက သတိပေးတားမြစ်လာမှုအပေါ် အရပ်ဘက်အဖွဲ့အချို့၏အမြင်များကို မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆိုကြသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ဖျက်သိမ်းပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်က အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသစ်တစ်ခုကို ပြန်လည်ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဥပဒေသစ်တွင် မှတ်ပုံတင်ထားသော အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပုဒ်မ (၃၈)အရ “နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်သည့်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ မတရားအသင်းနှင့် ယင်းမတရားအသင်း၏ အဖွဲ့ဝင်များ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းမပြုရ” ဟူ၍ ပါရှိသည်။

ယင်းအပြင် ပုဒ်မ (၃၈) အရ တားမြစ်ချက်များမှ တစ်ခုခုအား ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက အဖွဲ့၏ တာဝန်ရှိသူအား ထောင်ဒဏ် (၅) နှစ်ဖြစ်စေ၊ ငွေကျပ် သိန်း (၅၀) ထက်မပိုသော ဒဏ်နှစ်ရပ်လုံးအား ချမှတ်နိုင်သည့်အပြင် အသင်းအဖွဲ့ကို ဖျက်သိမ်းခြင်းနှင့် အသင်းအဖွဲ့ပိုင် ငွေကြေးနှင့် ပစ္စည်းများအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းအမိန့်တို့ကို ချမှတ်မည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here