ဟားခါးမြို့အတွင်း မီတာခကောက်လျှင် ပစ်ခတ်ခံရမည်ဟု Hakha Circle Council သတိပေး

0
424

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများသည် ချင်းပြည်နယ် ဟားခါးမြို့ဒေသခံ ပြည်သူများထံမှ မီတာခကောက်ခံလျှင် ပစ်ခတ်ဖမ်းဆီးကာ အရေးယူမည်ဟု Hakha Circle Council က သတိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ်မှ လာမည့်ဧပြီလမှစတင်၍ ဟားခါးမြို့ပေါ်တွင် လျှပ်စစ်မီတာခကောက်ခံရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနကို ညွှန်ထားထားသည့်အတွက် ယခုလိုထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“လျှပ်စစ်မီတာခ ကောက်ခံဆောင်ရွက်ရန် လမ်းညွှန်ချက်များပေးသော ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ လျှပ်စစ်ဝန်ထမ်းများမှ မီတာခ ကောက်ခံခြင်းအားဖြင့်သော်လည်းကောင်း၊ ပြည်သူလူထုထံ လာရောက်နှောက်ယှက်ခြင်း ပြုလုပ်မှုများတွေ့ရှိပါက ဟားခါးမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီမှ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းအားဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးပြည်သူလူထံ အသိပေး အကြောင်းကြားအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ပြုလုပ်နေမှုအပေါ် ပြည်သူလူထုမှလည်း ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန်နှင့် လျှပ်စစ်မီတာခကို လုံးဝပေးသွင်းခြင်း မပြုလုပ်ရန် အတွက်လည်း Hakha Circle Council အဖွဲ့က ပြောဆိုထားသည်။

စစ်ကောင်စီက ချင်းပြည်နယ်အတွင်းက ၈ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားပြီးနောက်ပိုင်း ဒေသ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

လက်ရှိမှာ ချင်းပြည်နယ်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ဒေသကာကွယ်ရေး တပ်များမှ နယ်မြေစိုးမိုးမှုရရှိထားကြောင်း ချင်းအမျိုးသားတပ်ဦး CNF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထနီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က နိရဉ္စရာသတင်းဌာနကို ပြောဆိုထားသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here