ညောင်လေးပင်ခရိုင်နှင့် သထုံခရိုင်အတွင်း လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ စစ်ကောင်စီက တိုးမြှင့်လုပ်ဆောင်နေ

0
137

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေများဖြစ်သော ညောင်လေးပင်ခရိုင်နှင့် သထုံခရိုင်အတွင်း မတ်လဒုတိယအပတ်မှစ၍ စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့်ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သည့် မတ်လ (၂၀) ရက်နေ့က စစ်ကောင်စီမှ လေကြောင်းဖြင့် ၉ ကြိမ်ခန့်လာရောက်၍ ဗုံး(၂၈)လုံးထက်မနည်း ကျဲချခဲ့မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် (၅) လုံးနှင့်မူလတန်းကျောင်း (၁) ကျောင်း ထိခိုက်ပျက်ဆီးခဲ့ရပြီး အဆိုပါမြို့နယ်များရှိ ကျေးရွာပေါင်း (၂၁) ရွာမှ ဒေသခံ သုံးထောင် (၃,၀၀၀) ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ထားသည်။

ထို့အတူ မတ်လ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အတွင်း သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၃) ရွာနှင့် ကရဝေးဆိပ်ကျေးရွာအတွင်းသို့ ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းမှပစ်ခတ်ခဲ့သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံ (၂) ဦးသေဆုံးကာ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်မှအသေအပျောက်များပြားပြီး အင်အားထပ်မံဖြည့်တင်းလို၍ စစ်ကောင်စီက ထိုကဲ့သို့ အရပ်သားနေထိုင်ရာကျေးရွာများအတွင်းသို့ လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဒေသခံက “သူတို့ (စစ်ကောင်စီ) ဘက်ကလည်း သေတာများတယ်။ ပြီးတော့ အလောင်းတွေကို တာလပတ်နဲ့ပတ်ပြီး မြစ်ထဲမျောချတယ်။ ကျမတို့တွေကတော့ လေယာဥ်တစ်ခါလာလို့ ကိုယ်နဲ့နီးလာရင် ဗုံးခိုကျင်းထဲဝင်လိုက်တာပဲ။ ကျင်းမရှိရင်‌တော့ သစ်ပင်အောက်ပေါ့။ ဗုံးတည့်တည့်ကျလာရင်တော့ သေမှာပဲလေ။ အများအားဖြင့်ကတော့ ဗုံးစမှန်ပြီး သေကြတာများတယ်။” ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းသည် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာမှ ချမှတ်ထားသော လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဥပဒေများကို လိုက်နာခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေခြင်းဖြစ်သည်ဟု KHRG ၏ ပြောခွင့်ရသူ နန္ဒဆူးကလည်း ယခုလိုပြောသည်။

နန္ဒဆူးက “သူတို့က နိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားရေး ဥပဒေကို ပြောင်ပြောင်တင်းတင်း ကျုးလွန်နေတာပါ။ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာပါ။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီမှအာဏာသိမ်းယူပြီးနောက် လက်ရှိအချိန်ထိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက မြေပြင်မှစစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးဖြင့်သာမက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာ၍ ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း (၅) သိန်းအထက်မှာရှိနေပြီး ကေအဲန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်တွင် ၁ သိန်း ၃ သောင်းဝန်းကျင်နှင့် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်တွင် ၁ သိန်း ၄ သောင်းကျော် အထိရှိနေကြောင်း KHRG ၏ စာရင်းကောက်ခံချက်အရ သိရသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here