မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့)

0
1839

မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ / မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့) – MNTJP / MNDAA

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၁ မတ် ၁၉၈၉

ရုံးချုပ် – ရွေ့လျားဌာနချုပ်

လှုပ်ရှားရာ နယ်မြေ – ကိုးကန့်ဒေသ မုံးကိုးနှင့် လောက်ကိုင်၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ မူဆယ်၊ ပန်ဆိုင်းမြို့နယ်များ

အင်အား – ၁၀,ဝ၀ဝ အထက် (တပ်မဟာ – ၄ ခု)

ပါတီ အထွေထွေအတွင်းရေးမှူး/ ကိုးကန့်တပ်ဖွဲ့ စစ်ဦးစီးချုပ်/ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ – ဦးဖုန်တာရွှင် (ဦးဖုန်တဲရင်)

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်၊ MNTJP နှင့် MNDAA ၏ ခေါင်းဆောင် ဖုန်ကြားရှင် ကွယ်လွန်ပြီးနောက်ပိုင်း ဖုန်ကြားရှင်၏ သားဖြစ်သူ ဦးဖုန်တာရွှင် (ဦးဖုန်တဲရင်) က ခေါင်းဆောင်အဖြစ် ဦးဆောင်လာခဲ့သည်။ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင်ပါဝင်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လမ်းဖွင့်ထားသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့နှင့် စစ်ရေးအရ ပူးပေါင်းချိတ်ဆက်မှု အားကောင်းစွာဖြင့် ညီနောင်မဟာမိတ်စုဖွဲ့ထားသည်ကို တွေ့ရသည်။

MNTJP/MNDAA သည် တရုတ်အစိုးရ၏ ကြားဝင်မှုကြောင့် ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်နေ့၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်နယ်မြေ မိုင်းလားမြို့တွင် စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနွေးခဲ့သော်လည်း သဘောတူညီချက် တစုံတရာရရှိခြင်းမရှိဘဲ ဇွန်လ ၂ ရက်တွင် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာသိမ်းစစ်ကောင်စီတပ်များအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ စစ်ဆင်ရေးစတင်ခဲ့သည့်ရက်မှစပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်၊ ဟိုင်ဂင်သဘောတူညီချက်ရရှိချိန်အထိ စစ်ဆင်ရေးကာလ နှစ်လကျော်အတွင်းတွင်ပင် စစ်ကောင်စီတပ်စခန်း အကြီးအသေးနှင့် အရေးကြီးစစ်ဆေးရေးဂိတ် စုစုပေါင်း (၂၅၀) ကျော်ကို သိမ်းပိုက်ရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင် ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နှင့် သိန္နိမြို့၊ နိုဝင်ဘာ ၇ ရက်တွင် မုံးကိုးမြို့၊ နိုဝင်ဘာ ၁၂ ရက်တွင် ကွမ်းလုံမြို့၊ နိုဝင်ဘာ ၂၈ ရက်တွင် ကုန်းကြမ်းနှင့် မော်ထိုက်မြို့၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လောက်ကိုင်မြို့အဖြစ် မြို့ပေါင်း (၉) မြို့ကို အာဏာသိမ်းစစ်အုပ်စုထံမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” အား လုံးဝရပ်စဲမည်မဟုတ်ဘဲ ရှမ်းပြည်နယ် အထူးဒေသ (၁) အာဏာရရေးသည် ၎င်းတို့၏ အမျိုးသားရေးလုပ်ငန်းစဉ် ပထမခြေလှမ်းဖြစ်ကာ “ အထူးဒေသ (၁) အခြေခံဥပဒေ” ကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအား ကြိုးပမ်းသွားမည်ဟု MNDAA စစ်ဦးစီးချုပ်နှင့် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်တာရွှင် (ဦးဖုန်တဲရင်) က ပြောဆိုထားသည်။ 1

လောက်ကိုင်အပါအဝင် ရှမ်းပြည်နယ် အထူးဒေသ (၁) အတွင်းရှိ စစ်ကောင်စီနှင့် လက်အောက်ခံ ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့် အုပ်ချုပ်ရေးယန္တရားများအားလုံးကို ဖျက်သိမ်းကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် MNDAA က ကြေညာခဲ့ပြီး အထူးဒေသ (၁) ၏ မူလဥပဒေနှင့် နည်းဥပဒေများကို အပြည့်အဝ ပြန်လည်ကျင့်သုံးမည်ဟု ဆိုသည်။ ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်တွင်တော့ လူသတ်မှု၊ သူတပါးအား ရက်စက် ကြမ်းကြုတ်သည့်နည်းလမ်းဖြင့် သေဆုံးအောင်လုပ်ဆောင်မှု၊ ပြန်ပေးဆွဲသတ်ဖြတ်မှု စသည့် ပြစ်မှုများအတွက် သေဒဏ်၊ ထောင်ဒဏ် တသက်တကျွန်းပြစ်ဒဏ်နှင့် ဆယ်နှစ်ထက်မပိုသော ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့ကလည်း လောက်ကိုင်မြို့ပေါ်တွင် MNDAA ၏ ခရိုင်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်သုံးဦးကို လူသတ်ပြန်ပေးဆွဲမှုများတွင် ပါဝင်သည်ဟုဆိုကာ လူမြင်ကွင်းရှေ့ သေဒဏ်ပေးခဲ့သဖြင့် MNDAA အပေါ် ဝေဖန်မှုများရှိခဲ့သည်။ 2

၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တွင်တော့ ဟိုင်ဂင်သဘောတူညီချက် ကျိုးပျက်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) ကို ညီနောင်မဟာမိတ်တပ်များနှင့်အတူ လာရှိုးမြို့နယ်အတွင်း စစ်ဆင်ရေးများကို MNDAA က ဦးဆောင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်တွင်တော့ အာဏာသိမ်းစစ်ကောင်စီတပ်များမှ အလင်းဝင်လာသူအားလုံးအတွက် ချီးမြှင့်ရန် ပြဌာန်းချက်များကို MNDAA ၏ နိုင်ငံရေးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပြဌာန်းချက်များထဲတွင် အသက်အာမခံချက်၊ ချီးမြှင့်ငွေ ကျပ် (၁၀) သိန်းမှ ကျပ်သိန်းတစ်သောင်းအထိ အကြောင်းချင်းရာအလိုက် ပေးအပ်သွားမည်ဟု ဆိုပါသည်။

ယခုအခါ ဦးဖုန်တာရွှင် (ဦးဖုန်တဲရင်) ဦးဆောင်သော MNTJP/MNDAA သည် ၎င်းတို့ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် နယ်မြေများကို အခြေပြုကာ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်နေသကဲ့သို့ အာဏာသိမ်းစစ်ကောင်စီတပ်များအား ထိုးစစ်ဆင်တော်လှန်တိုက်ပွဲများကိုလည်း ဆက်လက်အရှိန်မြှင့် လုပ်ဆောင်နေဆဲဖြစ်ပါသည်။

1 မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဖုန်တဲရင်၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာ၊ The Kokang ၊ ၁ ဇန်နဝါရီ ၂၀၂၄
2 သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း စီရင်မဲ့ပြစ်မှုတွေကို MNDAA ထုတ်ပြန်၊ အာအက်ဖ်အေ၊ ၂၃ မေ ၂၀၂၄

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း (၉၀) ကျော်အထိ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်များနှင့် MNDAA အကြား တိုက်ပွဲဖြစ်ပွားမှုများကို လေ့လာကြည့်ပါက TNLA နှင့်သော်လည်းကောင်း၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်သော်လည်းကောင်း ပူးပေါင်းတပ်အဖြစ် တိုက်ပွဲဖော်ဆောင်လျက်ရှိသည်ကို တွေ့ရပါသည်။

ERO နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း

၂၀၂၄ ခုနှစ်အတွင်း SSPP/SSA နှင့် MNDAA အကြား တိုက်ပွဲဖြစ်ပွားမှု (၂) ခု ရှိခဲ့သည်။

ဆက်သွယ်ရန်

Website – http://www.kokang123.com
Facebook – https://www.facebook.com/Kokang311

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here