နိုင်ငံရေးအခြေအနေများကြောင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကျယ်ကျယ်ပြန့်ပြန့် မကျင်းပနိုင်

0
125

ယခုနှစ်အတွင်း ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် ကျယ်ကျယ်ပြန့်ပြန့် မကျင်းပနိုင်ခဲ့ဘူးဟု မြန်မာအမျိုးသမီးများသမဂ္ဂ BWU က ပြောသည်။

ယခင်နှစ်များတွင် အမျိုးသမီးအဖွဲ့အစည်းများက မြို့ကြီးပြကြီးပေါ်တွင် ပြုလုပ်သည့် လှုပ်ရှားမှုများအပြင် ကျေးရွာများထဲ အထိဆင်းကာ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အထိမ်းအမှတ်နေ့တွင် အခမ်းအနားများ မျိုး စုံနှင့် စည်စည်ကားကားကျင်းပခဲ့ရာ ယခုနှစ်တွင် စစ်ဘေး၏ ဆိုးကျိုးများ၊ လက်ရှိနိုင်ငံရေး အခြေအနေများ ကြောင့် အကျဉ်းချုံးပြီးသာ ကျင်းပခဲ့ရသည့် အမျိုးသမီးအရေး တက်ကြွလှုပ်ရှာသူများက ပြောသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ၏ တွဲဖက်အတွင်းရေးမှူး မဇူးပဒုမ္မာက “အဓိက ပြဿနာတော့ ပစ်မှတ်ထားတဲ့ နေရာ အတော်များများမှာ တိုက်ပွဲဖြစ်နေတာကြောင့်ပေါ့နော်။ ကျမတို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ အနေနဲ့ကြတော့ ဒီကျမတို့ အဓိက ပစ်မှတ်ထားတဲ့ ကရင်နီလိုမျိူး နေရာတွေမှာဆိုရင် တိုက်ပွဲတွေ အများကြီး ရှိတယ်။ တပြိုင် နက်ထဲမှာဆိုရင်လည်း ပဲခူးမှာ ဆိုလို့ရှိရင်လည်း တိုက်ပွဲရှိတာပေါ့နော်။ ပစ်မှတ်ထားတဲ့ နေရာမှာ တိုက်ပွဲဖြစ်နေ တာတွေ ရှိတယ်။ ပြီးတော့ တချို့ တိုက်ပွဲ မဖြစ်သော်လည်းပေါ့နော် ဧရာဝတီလိုနေရာမျိုးမှာ ဆိုရင် ကျမတို့ရဲ့ ဒီ Local organizer တွေ အမျိူးသမီးအများစုက ဒီလူတွေကို တစ်စုတစ်စည်းတည်း ခေါ်ပြီး အခမ်းအနား ပုံစံမျိူး ကျင်းပနိုင်ဖို့ စုစည်းခေါ်တွေ့ဖို့က လုံခြုံရေးက ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေကြောင့် ဒီနေ့ အခမ်း အနားကို ကျမတို့ ဒီမှာ ကျင်းပနိုင်ဖို့အတွက် ကျမတို့အတွက် စိန်ခေါ်မှု ဖြစ်တာပေါ့နော်” ဟု ပြောသည်။

ထို့အပြင် စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာထားခြင်းလည်း လူစုလူဝေးနှင့် အခမ်းအနားအစီအစဉ်များလုပ်ရန် မဖြစ်နိုင်ဟု ပြောသည်။

နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ စစ်ရှောင်စခန်းများကို ရောက်နေသည့်သူများကလည်း လုံခြုံမှု မရှိကြသည့်အပြင် တိုက်ပွဲများနှင့် လက်နက်ကြီးပစ်ခတ်မှုများက အမြဲဖြစ်နေသည့်အတွက် တစ်နေရာမှ တစ်နေရာ ပြောင်းရွှေ့ရသည့်ကိစ္စများကလည်း အခမ်းအနားတစ်ခုခုလုပ်ရန်အတွက် အဟန့်အတား ဖြစ်စေသည်ဟု ဆို သည်။

သို့သော် ထိုင်းနိုင်ငံ၊ ချင်းမိုင်ရောက် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ကျင်းပခဲ့ကြသည်။

နန်းမို့မို့ အထွေထွေအတွင်းရေးမှူး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) “အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းမှု၊ တရား မျှတမှု၊ လုံခြုံ မှုကို အထူးသဖြင့် ခြိမ်းခြောက်နေတာက စစ်တပ်ဖြစ်တယ်ပေါ့နော်။ ဆိုတော့ အမျိုးသမီးတွေ က ဒီပွဲတွေ မကျင်းပနိုင်ဘူး အမျိုးသမီးတွေက အကြမ်းဖက်ခံနေရတယ်၊ စားနပ်ရိက္ခာမဖူလုံဘူး ကြောက်ရွံ့ မှု တွေနဲ့ နေနေရတယ်။ ဒါတွေအကုန်လုံးရဲ့ အကြောင်းအရင်းပေါ့နော် အရင်းအမြစ်ကို ကျမတို့ ပြန်ကြည့်မယ် ဆိုရင် အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာ ပိုပြီးတော့ ဆိုးလာတယ်ပေါ့နော်။ အဲ့ဒီကျူးလွန်နေတာကလည်း အာဏာသိမ်းတဲ့ စစ်တပ်ကိုယ်တိုင်က ကျူးလွန်နေတာ ဖြစ်တယ်။ ဒီကျူးလွန်မှုကို ရပ်တန့်သွားဖို့ အတွက်ပေါ့ နော် စစ်တပ်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို အမြန်ဆုံးအကောင်အထည် ဖော်ဖို့လိုတယ်။ အဲ့ဒါမှပဲ ကျမတို့ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေး လုံခြုံရေးကို ကျမတို့ရရှိမှာဖြစ်တယ်ပေါ့နော်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကြုံနေရသည့် စစ်ဘေး၏ ဆိုးကျိုးကြောင့် အထိအနာဆုံးမှာ အမျိုးသမီးနှင့် ကလေး များဖြစ်ပြီး အထိနာသူများထဲတွင် မသန်စွမ်း အမျိုးသမီးများကလည်း အခြားသောသူများထက် ကြီးမားခက်ခဲ သည့် ဒုက္ခ၊ စိန်ခေါ်မှုများကို ပိုမိုကြုံတွေ့နေရသည်ဟု BWU က ထောက်ပြထားသည်။

ထိုသို့သော အခက်အခဲများ ကြားထဲက စစ်ရှောင်စခန်းများထဲနှင့် တောတောင်များထဲ၊ ဗုံးခိုကျင်းများထဲတွင် အဆင်ပြေသလို အသက်ဆက် ရှင်သန်နေထိုင်နေကြရခြင်း ဖြစ်သည်။

အလားတူ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီးဖမ်းဆီးခံရသူများလည်း သိသိသာသာ တိုးလာပြီး တစ်လအတွင်းမှာပင် စစ်တပ်က အမျိုးသမီး ၃၅ ဦးကို မတရား ဖမ်းဆီးထိန်းသိမ်းခဲ့ရာ လက်ရှိတွင် ဖမ်းဆီးခံရသူ အမျိုးသမီး စုစုပေါင်း (၃၁၂၅) ဦးထိ ရှိပြီဟု BWU က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်တပ်၏ ပြည်သူလူထုကို ဦးတည်ကာ လက်နက် အားကိုးနှင့် ရွာများထဲ ပစ်ခတ်နေခြင်းများအပြင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းတို့ကြောင့် ဖေဖော်ဝါရီလအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး ၁၅ ဦး အထိရှိခဲ့သည်ဟု BWU က ဆိုသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် အခက်အခဲအမျိုးမျိုးကြောင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို စစ်ရှောင်စခန်းအချို့နှင့် တောတွင်းစစ်မြေပြင်နေရာအချို့တွင်သာ အကျဉ်းချုံးပြီး ကျင်းပခဲ့ကြသည်။

ယခုနှစ်တွင် အကျဉ်းချုံးကာ ကျင်းပခဲ့ရသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်နှစ်တွင် အဖမ်းအဆီးများ၊ ဖိနှိပ်ပစ်ခတ်မှုများ ကြားထဲကပင် ပြေးရင်းလွှားရင်းနှင့် အပြည်ပြည် အမျိုးသမီးများနေ့အား အမျိုးသမီးများ ဦးဆောင်သည့် ထဘီ တော်လှန်ရေးကို တစ်နိုင်ငံလုံးနေရာအနှံ့နီးပါး ပြုလုပ်ခဲ့ကြသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here