အကျဉ်းသားများကို ထောင်ဝင်စာ တွေ့ခွင့်ရရန် ICRC နှင့် စစ်ကောင်စီတို့ ဆွေးနွေးဟုဆို

0
190

အကျဉ်းထောင်များအတွင်း အကျဉ်းကျခံနေရသူများနှင့် မိသားစုဝင်များ တွေ့ဆုံခွင့်ရရှိရေး ကိစ္စများကို အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Martin Schuepp ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှာ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံစဉ် ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ပင်ထားသည့် အကျဉ်းကျခံနေရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တွေ့ဆုံခွင့်ကိစ္စရပ်များကို ICRC ဘက်က ဆွေးနွေးခဲ့ကြောင်း မတ်လ ၁၀ နေ့တွင် ICRC ကလည်း ထုတ်ပြန်ထားသည်။

“ဒီရက်သတ္တပတ်အတွင်း ဆွေးနွေးမှုတွေအပြီးမှာ နောက်ထပ် ဆက်လက်လုပ်ဆောင်နိုင်မယ့် အဆင့်တွေကို ဆွေးနွေးဖို့ ကျနော်တို့မျှော်လင့်နေသလို အကျဉ်းကျခံနေရသူတွေဆီကို သွားရောက်လေ့လာသုံးသပ်မှုတွေ ပြန်လည် လုပ်ဆောင်နိုင်ဖို့နဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ဒဏ်ကို ခံစားရဆုံး ရပ်ရွာလူထုတွေဆီကို သွားရောက်ခွင့်တွေ တိုးတက်ရရှိစေဖို့ ကျနော်တို့ မျှော်လင့်နေပါတယ်” ဟု ICRC ထုတ်ပြန်ချက်က ဆိုသည်။

ဆွေးနွေးမှုရလဒ်များကို သိရှိရန်အတွက် ICRC တာဝန်သူများထံသို့ DMG က အီးမေးလ်မှတဆင့် ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းထံသို့ DMG က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

၂၀၂၀ ခုနှစ်ကစပြီး ကိုဗစ်ကပ်ရောဂါ စည်းကမ်းကန့်သတ်ချက်များကြောင့် အကျဉ်းသားများအား မိသားစုဝင်များ ထောင်ဝင်စာတွေ့ခွင့်ကို ယနေ့အချိန်ထိ ပိတ်ထားခြင်းဖြစ်သည်။

“သူကို ဖမ်းသွားကတည်းက လူချင်းတွေ့ခွင့်မရပါဘူး။ အခုဆိုရင် ထောင်ဝင်စာ တွေ့ခွင့်မရတာ ၉ လကျော်သွားပြီ။ လိုအပ်တဲ့ပစ္စည်းတွေ သွားပို့ရင်တော့ လက်ခံတယ်။ တွေ့ချင်ရင် ရုံးချိန်းတွေမှာပဲ တွေ့လို့ရတယ်။ ဘာဖြစ်လို့ လူချင်းတွေ့ခွင့်မပေးလဲတော့ မသိဘူး။ မိသားစုတွေအနေနဲ့ ထောင်ဝင်စာ တွေ့ခွင့်ရချင်တာပေါ့” ဟု နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ-၅၀၅(က)ဖြင့် အမှုရင်ဆိုင်နေရသူ ပုဏ္ဏားကျွန်းမြို့ခံ ကိုဦးဘလှိုင်၏ ဇနီးဖြစ်သူ မအေးအေးခိုင်က ဆိုသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်ရောဂါကူးစက်မှု ၁ ရာခိုင်နှုန်းအောက် လျော့နည်းလာသဖြင့် အကျဉ်းသားများကို ထောင်ဝင်စာတွေ့ခွင့်ရရန် မိသားစုဝင်များက မျှော်လင့်ချက်များရှိနေကြသည်။

အကျဉ်းထောင်လက်စွဲဥပဒေတွင် အကျဉ်းသားတိုင်းသည် ထောင်တွင်းအကျဉ်းကျနေစဉ်ကာလတွင် သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်များရှိပြီး တစ်ပတ်တစ်ကြိမ် ထောင်ဝင်စာတွေ့ခွင့်ရှိကြောင်း ပြဌာန်းထားသည်။

“အကျဉ်းသားတွေအနေနဲ့ မိသားစုတွေနဲ့လည်းမတွေ့ရဘူး၊ ကိုယ့်ရဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့သော်လည်းကောင်း၊ စားဝတ်နေရေးနဲ့ ပတ်သက်လို့သော်လည်းကောင်း အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်” ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက DMG ကို ပြောဆိုထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here