ကျောက်ဖြူ ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းအား ယခုလကုန်နောက်ဆုံးထားပြီး နေရာသစ်သို့ ပြောင်းရွှေ့ရမည်ဟုဆို

0
168

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လူဦးရေ ၁၅၀၀ ကျော်နေထိုင်သည့် ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းသစ်ကို မတ်လ ၃၁ ရက်ကို နောက်ဆုံးထားပြီး နေရာသစ်သို့ ပြောင်းရွှေ့ရန် စီစဉ်ထားသည်ဟု သိရသည်။

ကျောက်တလုံးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်နီက “ လူနေထိုင်ဖို့ သောက်ရေ၊ သုံးရေ၊ မီး၊ အိမ်သာ အားလုံးက အဆင်သင့်ဖြစ်နေပါပြီ။ ကျနော်တို့ကတော့ ပြောင်းဖို့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ” ဟု ပြောသည်။

လက်ရှိမှာ နေအိမ်၊ အဆောင်အများစုမှာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ပြီး ကျန်လုပ်ဆောင်ရန် လိုအပ်သည်များကို ယခု မတ်လ ၁၅ ရက်တွင် အပြီးသတ်ဆောင်ရွက်ကာ မတ်လ ၃၁ ရက်နောက်ဆုံးထား ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါဒုက္ခသည်စခန်းတွင် နေထိုင်သူများအတွက် လုံးချင်းအိမ်ငယ်များဆောက်လုပ်ပေးထားပြီး စခန်းအနောက်ဘက်တွင် ဆေးပေးခန်း၊ ပညာရေးဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အဆောင် ၃ ဆောင်လည်း ပါရှိသည်ဟု သိသည်။

လက်ရှိနေထိုင်နေကြရသည့် ကယ်ဆယ်ရေးစခန်းဟောင်းမှာ (၁၀) နှစ်ကြာ နေထိုင်ခဲ့ရပြီး နေအိမ်များ ခိုင်ခံမှုအားနည်းကာ ပျက်စီးနေကြပြီဖြစ်၍ မိုးရာသီအမီ ပြောင်းရွှေ့နိုင်မည့် အပေါ် စိတ်ကျေနပ်ဝမ်းသာရကြောင်း ကျောက်တလုံးဒုက္ခသည်စခန်းတွင် နေထိုင်သူများက ပြောဆိုသည်။

ဒုက္ခသည်တစ်ဦးက “ ကိုယ့်အိမ်နဲ့၊ ကိုယ့်ခြံနဲ့ကိုယ် လွတ်လွတ်လပ်လပ်နေရမယ့်အတွက် ကောင်းတယ်လို့ပဲ ပြောရမယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်ကလည်း စစ်ကောင်စီပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော နိုင်ငံခြားသံတမန် အဖွဲ့သည် ကျောက်တလုံးဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ကြပြီး ဒုက္ခသည်များ၏အခြေအနေကို လေ့လာကြည့်ရှုခဲ့သလို စခန်းသစ်နေရာသို့ ပြောင်းရွှေ့မည့်ကိစ္စများကို သက်ဆိုင်ရာတာဝန်ရှိသူများကို ညွှန်ကြားခဲ့သေးသည်။

ကျောက်တလုံးမူဆလင်ဒုက္ခသည်စခန်းသစ်ကို ယခင်စခန်းဟောင်းနှင့် တစ်ဖာလုံအကွာတွင် ရွာအဖြစ် ၂၀၂၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကျောက်တစ်လုံးဒုက္ခသည်စခန်းသည် ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် လူမျိုးရေး ဘာသာရေး ပဋိပက္ခနှစ်အတွင်း ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက်များမှ မွတ်ဆလင်များကို စုစည်းနေရာချပေးထားသည့်စခန်းတစ်ခု ဖြစ်ကြောင်းသိရသည်။

စခန်းတွင် လက်ရှိလူဦးရေ ၁၅၃၂ ဦး နေထိုင်လျက်ရှိသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here