တိုက်ပွဲပြင်းထန်မှုကြောင့် ဒီးမော့ဆို ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရ

0
233

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ကရင်နီတပ်မတော် KA တို့ တိုက်ပွဲပြင်းထန်မှုကြောင့် မတ်လ ၉ ရက်နေ့ ကစပြီး ဒေသခံ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မနေ့ညကနေရှောင်တာ အခုထိ ဆက်ထွက်တုန်းပေါ့နော။ ကုန်သလောက်တော့ ဖြစ်သွားပြီပေါ့။ အခုတော့ လက်ကျန် လူနည်းနည်းပဲ ကျန်တယ်။ အဲ့တော့ လူဦးရေ သုံးထောင်ကတော့ လုံးဝကို အသစ်စက်စက်ပေါ့။ တခါမှကို စစ်မရှောင်ရသေးတဲ့သူတွေ ဖြစ်တယ်ပေါ့နော။ တချို့ကတော့ စစ်ရှောင်တွေ လာနေခဲ့တဲ့ လူတွေလည်း ရှိပါတယ်။ အကုန်လုံးပေါင်းလိုက်ရင်တော့ ကျနော်တို့က ရွာခံတွေ အဓိက များတယ်ပေါ့နော။ ရွာခံတွေ များတော့ သုံးထောင်နဲ့အထက်တော့ ရှိနိုင်တယ်ပေါ့နော” ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ကန္တာရဝတီတိုင်း (မ်) ကို အတည်ပြုပြောကြားသည်။

ယမန်နေ့ မတ်လ ၉ ရက်နေ့တွင် ဘောလခဲမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ တိုက်ပွဲဖြစ်ပွားနေကြခြင်းဖြစ်သည်။ ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကနေ ထိုးစစ်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

“အသားကုန်ပဲ ပစ်နေကြတာ။ ပြေးတဲ့သူတွေကလည်း ပြေးနေကြတယ်။ ပြေးလည်းဒီလိုပဲ မပြေးလည်း ဒီလိုပဲ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒီးမော့ဆိုမြို့အခြေစိုက် ခလရ ၁၀၂တပ်ရင်းနှင့် အမြောက်တပ် ၃၆၀တပ်ကနေ လက်နက်ကြီးတွေ နေ့စဉ်နှင့်အမျှ အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံပြောကြားချက်အရ သိရှိရသည်။

ဒါ့အပြင် ကင်းထောက်လေယာဉ်များလည်း နေ့စဉ်ပျံသန်းနေပြီး ဘောလခဲ၊ ဖရူဆိုမြို့နယ်ရှိ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းတွင်လည်း စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာဖြည့်တင်းခြင်းကို လုပ်ဆောင်နေကြောင်း ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောသည်။

“အခု ဒီတစ်ရက်နှစ်ရက်မှာကတော့ ဘောလခဲကနေ ထိုးလာတာရှိတယ်။ နောက်ပြီးတော့ ဒီမနက်ဆို ဒီးမော့ဆိုအပေါ်ဖက်ပေါ့ ကန်ခုနှစ်ဆင့်ဖက်ကနေ ထိုးလာတာရှိတယ်ဆိုတော့ အပေါ်ရောအောက်ရော သူတို့ ( စစ်ကောင်စီ ) ဒီးမော့ဆိုအရှေ့ခြမ်းကို ဝိုင်းပြီးတော့မှ သူတို့နယ်မြေရှင်းလင်းရေး လုပ်မဲ့ အနေအထားတော့ ရှိတာပေါ့။” ဟု ဝန်ကြီး ခူညေးရယ်က ပြောသည်။

ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကြောင့် ဒေသခံလူထုရုတ်တရက်ထပြေးရတဲ့အတွက် စားနပ်ရိက္ခာအနည်းငယ်သာပါသွားကြောင်း၊ နွေးအကူးအပြောင်းအလဲကြောင့် ကျန်းမာရေးပိုင်းစိုးရိမ်ရပြီး လက်ရှိမှာ အမိုးအကာလိုအပ်နေကြောင်း သိရသည်။

“အခု ရုတ်တရက်ထပြေးတဲ့အတွက်ကြောင့်မို့လို့ သူတို့နဲ့ ပါနိုင်တဲ့ဟာတော့ ပါသွားတာပေါ့နော။ ဥပမာအားဖြင့်ဆို ဆန်၊ဆီ၊ဆားတော့ နည်းနည်းပါးပါးတော့ သယ်ယူသွားတယ်။ စားနပ်ရိက္ခာ နည်းနည်းပါးပါးပါတယ် ဆိုတဲ့ဟာတော့ ဒါပေမယ့် ပိုပြီးတော့ စိုးရိမ်တာက ဆေးဝါးပါ။ ဆေးဝါးနဲ့ ဆေးပိုင်းဆိုင်ရာ လူပုဂ္ဂိုလ်တွေ နည်းတယ်ပေါ့နော အစကတည်းကလည်း နည်းတယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး တောထဲတောင်ထဲမှာ လမ်းဘေးမှာ တောကြိုတောင်ကြားမှာ နေပူပူမှာ ပြေးနေရတဲ့အတွက်ကြောင့်မို့လို့ ဒီရက်ပိုင်းအတွင်းမှာ စိုးရိမ်ရဆုံးကတော့ ကျန်းမာရေးပိုင်းဆိုင်ရာ စိန်ခေါ်မှု အခက်အခဲပေါ့နော။ နောက်ပြီးတော့ အမိုးအကာလေးတွေကတော့ လက်ရှိကို လိုအပ်ချက်ရှိနေပါတယ်” ဟု ဆရာဗညားက ဆက်ပြောသည်။

တစ်ပြည်နယ်လုံးတွင် စစ်ရှောင်ဦးရေ နှစ်သိန်းဝန်းကျင်ရှိသည့်အနက် ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်ရှောင်ဦးရေ တစ်သောင်းခွဲအထိ ရှိလာကြောင်း သိရသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ မတ်လ ၄ ရက်နေ့ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နဲ့နယ်စပ်ဒေသတွင် တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here