ဘုတ်ပြင်းမြို့နယ်မှာ တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ဖို့ စစ်ကောင်စီ ဖိအားပေး

0
128

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ထဲမှာ တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ဖို့နဲ့ မတက်တဲ့ နေအိမ်တွေကို ဒဏ်ငွေကျပ် တစ်သောင်းပေးဆောင်ဖို့ စစ်ကောင်စီတပ် ညွှန်ကြားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ဖို့ ဘုတ်ပြင်းမြို့နယ် စစ်ကောင်စီတပ်မမှူးဆိုသူ ညွှန်ကြားလာတာကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ထပ်ဆင့် စေခိုင်းလာတာပါ။

စစ်ကောင်စီတပ်က တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ဖို့ ညွှန်ကြားထားပေမယ့် သင်တန်းဖွင့်သွားမယ့် အစီအစဉ်နဲ့ လူစာရင်းကောက်ယူတာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဘုတ်ပြင်းဒေသခံတစ်ဦးကတော့ တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ဖို့ ညွှန်ကြားမှုကို ဒေသခံအများစု မတက်ချင်တဲ့အတွက် အခုအစီအစဉ်ဟာ စစ်ကောင်စီတပ် ငွေရအောင် ဂွင်ဖန်တာဖြစ်တယ်လို့ ပြောပါတယ်။

ဘုတ်ပြင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့တွေကို လစဉ်နီးပါး စစ်သင်တန်းပေးသလို စစ်သင်တန်းတက်ရောက်ထားသူ ၄၀၀ ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၂၈ စုရှိတဲ့ ဘုတ်ပြင်းမြို့နယ်ဟာ လူဦးရေ ၁ သိန်းနီးပါးနေထိုင်တဲ့ မြို့နယ် တစ်ခုဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးဒလန်တွေ မကြာခဏ ရှင်းလင်းခံနေရတာပါ။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here