အမျိုးသမီးများအား အကာအကွယ်ပေးသည့် ဥပဒေ၊ နည်းဥပဒေနှင့် ယန္တယားများပြဌာန်းရန် တောင်းဆို

0
398

အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက တုန့်ပြန်ဆောင်ရွက်ပေးနိုင်သည့် ယန္တရားများ၊ ဥပဒေ၊ နည်းဥပဒေများကို အမြန်ဆုံးပြဌာန်းပေးရန် ကရင်နီပြည် အမျိုးသမီးအင်အားစုက တောင်းဆိုလိုက်သည်။

မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ကရင်နီပြည် အမျိုးသမီးအင်အားစုက ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC အား ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကရင်နီ အမျိုးသမီး အစည်းအရုံး KNWO အတွင်းရေးမှူး – ၂ မော်ဖရေမြာက “လက်ရှိ ကရင်နီပြည်နယ်မှာဆိုလို့ရှိရင်တော့ အမြင့်ဆုံးသော ကရင်နီ အတိုင်ပင်ခံ ကောင်စီဖြစ် တယ်ပေါ့။ ဆိုတော့ ဒီကရင်နီပြည်နယ်ရဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ အကာအကွယ်ပေးမှု ပြီးလို့ရှိရင် အကြမ်းဖက်မှုလိုမျိုး ဖြစ်လာရင်တော့ တုန့် ပြန်ဆောင်ရွက်ပေးနိုင်တဲ့ ယန္တရားတွေ ဖြေရှင်းပေးဖို့အတွက် ဥပဒေ နည်းဥပဒေတွေ အမြန်ဆုံး ထုတ်ပြန်ပေး ဖို့အတွက် ပြဌာန်းပေးဖို့အတွက်လည်း ကျမတို့ တောင်းဆိုတာတွေ လည်းပါတယ်” ဟု ပြောသည်။

အဓိက တောင်းဆိုရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ မော်ဖရေမြာက အခုလို ဆက်ပြောသည်။

၎င်းက “ကျမတို့ပြည်နယ် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတဲ့ ပုံစံမျိုးနဲ့ သွားနေတယ်လို့ ပြောလို့ရတယ်ပေါ့နော။ ဆိုတော့ အဲဒါတွေကို တရားရေးကတော့ ရှိတယ်ဆိုပေမယ့် လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာ နည်း နည်း အားနည်းနေသေးတော့ တရားရေးကိုလည်း မြန်မြန်လေး အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် အထူး သဖြင့် ဒီကြားကာလမှာ ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်လိုဟာမျိုး ဆိုလို့ရှိရင် ကျူးလွန်သူတွေကို ထိထိ ရောက်ရောက်နဲ့ အပြစ်ပေးအရေးယူတဲ့ အပိုင်းတွေက သိပ်ပြီးတော့မှ ရှေ့မရောက်နိုင်သေးဘူးပေါ့နော။ ဆို တော့ အဲဒီဟာတွေကို ကျူးလွန်ခွင့်ပေးထားသလိုမျိုး ဖြစ်နေတော့ ပိုပြီးတော့ အားကောင်းဖို့အတွက် ကျမတို့ အဲဒီအချက်ကို တောင်းဆိုတာ ဖြစ်ပါတယ်ပေါ့” ဟု ပြောသည်။

ထို့အပြင် ကဏ္ဍအသီးသီးတွင် ပါဝင်လှုပ်ရှားနေသည့် အမျိုးသမီးခေါင်းဆောင်များကို အသိအမှတ်ပြု မြှင့်တင်ပေးရုံသာမက ကျန်ရှိနေသေးသည့် အမျိုးသမီးများကိုလည်း ဆက်ပြီး နေရာပေးရန် တောင်းဆိုသည်ဟု ကရင်နီ ပြည် အမျိုးသမီး အင်အားစု ဆိုသည်။

ကရင်နီပြည် အမျိုးသမီး အင်အားစုက မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ ထုတ်ပြန်ချက်ထဲတွင် KSCC အား အချက် ၃ ချက် တောင်းဆိုထားပြီး အဆိုပါ အချက်များမှာ နည်းမျိုးစုံ ဖြင့် အမျိုးသမီးအပေါ် အကြမ်းဖက်မှုများကို တပြည်နယ်လုံးအတိုင်းအတာဖြင့် တုန့်ပြန်ကူညီဆောင်ရွက်နိုင် မည့် အစီအစဉ်များကို ကြားကာလ အစီအမံတွင် ချမှတ်ပေးရန်တောင်းဆိုထားသည်။

အချက် နံပါတ် ၂ အနေဖြင့် အကြမ်းဖက်မှု ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန်အပြင် အမျိုးသမီးများကို ကာကွယ်သော ဥပဒေများ၊ နည်းဥပဒေများ ချမှတ်ပြဌာန်းပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ ပါဝင်သည်။

ထို့အပြင် ခုခံတော်လှန်ရေးတွင် အမျိုးသမီးများ အခန်းကဏ္ဍအသီးသီးမှ ပါဝင်မှု အပေါ် လေးစားအသိအမှတ် ပြုပြီး နိုင်ငံရေးဖြစ်စဉ်နှင့် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု ပိုမိုမြှင့်တင်ရန်လည်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

တစ်ဖက်တွင်လည်း လက်ရှိ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများကြောင့် စစ်ဘေးရှောင်နေရသည့် ကရင်နီ ပြည်သူ များကို ထိရောက်စွာ အကူအညီပေးနိုင်ရန်အတွက် အကူအညီပေးနေသည့် အဖွဲ့အစည်းများ အနေဖြင့် ဒေသခံ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အကူအညီပေးရန်လည်း ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားသည်။

မော်ဖရေမြာက “ပြီးလို့ရှိရင် ကျမတို့ ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးနေတဲ့ ပြည်တွင်းပြည်ပ က အလှူရှင်တွေ ကလည်းစစ်ကောင်စီနဲ့ ညှိနှိုင်းပြီးတော့မှ ကူညီထောက်ပံ့မှုသွား တာထက်ဆိုင်ရင် ကျမတို့ အမှန်တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ ရောက်ဖို့အတွက် မြေပြင်မှာ လက်တွေ့အလုပ်လုပ် နေတဲ့ ဒေသခံ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့မှ ကူညီသွားဖို့ ဆိုတဲ့ဟာမျိုးတွေလည်း ကျမတို့ အဓိက တောင်း ဆိုတာပါတယ်ပေါ့နော” ဟု ပြောသည်။

စစ်တပ်အနေနှင့်လည်း အမျိုးသမီးထုနှင့် ကလေးငယ်များအပေါ် စစ်ရာဇဝတ် ကျူးလွန်မှုများကို အမြန်ဆုံး ရပ် တန့်ပြီး ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို တာဝန်ယူမှု တာဝန်ခံမှုရှိရန်လည်း ထုတ်ပြန်ချက်ထဲမှာ ထည့် သွင်းထားသည်။

မတ်လ ၈ ရက်နေ့ (ယနေ့) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ကရင်နီ ပြည်နယ် လွိုင်ကော်၊ ဒီမော့ဆို အရှေ့၊ ဒီမော့ဆိုအနောက်၊ ဖရူဆို စသည့် မြို့နယ်များရှိ စစ်ဘေးရှောင် စခန်းများ တွင် အကျဉ်းချုံး ပြုလုပ်ခဲ့သည်ဟု မောဖရေမြာက ပြောသည်။

ထိုအခမ်းအနားများတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်းကို စစ်ဘေးရှောင် ပြည်သူများအား မျှဝေပေးခြင်း၊ ကျပန်းစကား ပြောပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ စစ်ဘေးရှောင်များ စိတ်ဖိစီးမှု လျော့ကျစေသည့် အားကစားနည်း အမျိုးမျိုးကိုလည်း ပြုလုပ်ပေးခဲ့သည်ဟု ကရင်နီပြည် အမျိုးသမီးအင်အားစုက ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here