သမိုင်းဝင်ဘုရားနှင့် ဘာသာရေးအဆောက်အအုံများတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားမှုကို ဖယ်ရှားပေးရန် ဒေသခံများလိုလားနေ

0
114

တိုက်ပွဲများ ရပ်တန့်နေပြီဖြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ သမိုင်းဝင်ဘုရားများနှင့် စေတီများပေါ်တွင် တပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်သားများအား ဖယ်ရှားပေးရန် ဒေသခံ ရခိုင်ပြည်သူလူထုက အထူးလိုလားနေကြသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီတပ်သားများသည် ရခိုင်ပြည်နယ်ရှိ သမိုင်းဝင် ဘုရား၊ စေတီများဖြစ်ကြသော ဘူးသီးတောင်မြို့နယ်မှ သုံးဆယ့်တစ်ဘုံစေတီ၊ ကျောက်တော်မြို့မှ ကျောက်တော်တောင်စေတီနှင့် မဟာမုနိဘုရားရင်ပြင်၊ မင်းပြားမြို့နယ် ပန်းမြောင်ကျေးရွာမှ အောင်မင်္ဂလာစေတီ၊ မင်းပြားမြို့ ကျိန်းတောင်စေတီနှင့် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးရှိ မယူတောင်ပေါ်တွင် တည်ထားသည့် မဟာဇေယျသိဒ္ဓိအောင်တော်မူ စေတီတောင်ပေါ်တို့တွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂ဝ၂၂ ခုနှစ်တို့မှစတင်ကာ စစ်ကောင်စီတပ်သားများ နေရာယူတပ်စွဲကာ နေထိုင်လာခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သားများ ထိုကဲ့သို့ တပ်စွဲနေထိုင်မှုများကြောင့် ဒေသခံပြည်သူတချို့မှာ အခါကြီး၊ ရက်ကြီးများတွင်လည်း ဘုရား၊ စေတီများသို့ တက်ရောက်ဖူးမြော်ကာ ဥပုသ်သီလ ဆောက်တည်ခွင့်မရကြဟု ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ဘုံစေတီတွင် စစ်ကောင်စီတပ်သားများအနေဖြင့် ယခုအချိန်ထိ တပ်စွဲနေထိုင်မှုကြောင့် အနီးအနားရှိ နွားရုံတောင်၊ စံဂိုးထောင်၊ သျှစ်သျှားတောင်နှင့် ဥယျဉ်သာစသည့်ကျေးရွာများမှ ဒေသခံများသည် စစ်ဘေးရှောင်ဘဝဖြင့် တိမ်းရှောင်နေကြရပြီး စစ်ပွဲများရပ်တန့်နေသည့် ယခုအချိန်တွင် ဖယ်ရှားပေးစေချင်သည်ဟု နွားရုံတောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ရွာတွေကလည်း အရင်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာတွေရှိတယ်။ မီးရှို့ခံရတာတွေလည်းရှိတယ်။ ကျနော်တို့လည်း ရွာကိုပြန်ချင်ပါတယ်။ ကျနော်တို့ ရွာကိုပြန်မယ်ဆိုရင် နေအိမ်တွေကို ပြန်လည် တည်ဆောက် ပေးဖို့လိုတယ်။ မိုင်းရှင်းလင်းရေးတွေ လုပ်ပေးဖို့လိုတယ်။ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေထိုင်မှုတွေကိုလည်း ရုတ်သိမ်းပေးဖို့လိုတယ်။ ဒီလိုမျိုး အပစ်ရပ်ထားတဲ့ကာလမှာ ရွာထဲနဲ့ ဘုရားတွေပေါ်မှာ တပ်စွဲနေထိုင်မှုတွေကို ရပ်တန့် ပေးစေချင်ပါတယ်” ဟု ပြောသည်။

အဆိုပါကျေးရွာများမှ ဒေသခံများမှာ ဘူးသီးတောင်မြို့၊ လမ်းမ၊ မြတောင်၊ ရန်အောင်မြေ စသည့် စစ်ဘေးရှောင်စခန်းများတွင် နှစ်ကာလကြာရှည်စွာ စစ်ဘေးရှောင်နေထိုင်လျက်ရှိကြသည်။

၎င်းအပြင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ အောင်မင်္ဂလာဘုရားတောင်တွင်လည်း စစ်ကောင်စီတပ်သားများက တပ်စွဲနေထိုင်လျက်ရှိသည့်အတွက် ကျေးရွာသားများမှာ တောင်ပေါ်သို့ တက်ခွင့်မရဖြစ်နေကြသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

“ကျနော်တို့ ဒေသခံတွေလည်း သူတို့ကို ဒီနေရာက ထွက်သွားဖို့ အများကြီးတောင်းဆိုပြီးပြီ။ ဒါပေမဲ့ ဘာမှ ထူးခြားလာတာမရှိဘူး။ သင်္ကြန်ကာလလည်း ရောက်တော့မယ်ဆိုတော့ အဲဒီလိုအချိန်မျိုးမှာ ဘုရားပေါ်တက်ခွင့်တော့ ရချင်တယ်။ ကိုယ့်ရွာကဘုရားမှာ ကုသိုလ်ကောင်းမှုတွေ လုပ်ချင်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ကျောက်တော်တောင်တွင် စစ်ကောင်စီတပ်သားများအနေဖြင့် တပ်စွဲနေရာယူမှု ရှိနေသေးသော်လည်း ဒေသခံများအား ဘုရားပေါ်သို့ တက်ရောက်ဖူးမြော်ခွင့်ပေးထားကြောင်း သိရသည်။

ကျောက်တော်မြို့ရှိ သမိုင်းဝင် တန်ခိုးကြီး မဟာမုနိဘုရားကုန်းပေါ်တွင်ဆိုလျှင်လည်း စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လမှစတင်ကာ တပ်စွဲနေရာ ယူလျက်ရှိသည်ဟု သိရသည်။

သို့ရာတွင် ၄င်းတို့သည် လက်ရှိ မဟာမုနိဘုရားပွဲကျင်းပနေသည့် မတ်လ ၃ ရက်မှ ၇ ရက်အထိ (၅) ရက်ကြာ ဘုရားပွဲကာလအတွင်း ပွဲတော်လာဧည့်ပရိသတ်များ စိတ်အေးချမ်းသာစွာ လာရောက်နိုင်ရေး အတွက် ကုန်းပေါ်တွင် တပ်စွဲနေထိုင်မှုကို ယာယီရုပ်သိမ်းပေးထားသည်ဟု ဒေသခံများက ပြောသည်။

မင်းပြားကျိန်းတောင်ပေါ်တွင်လည်း စစ်ကောင်စီတပ်သားများ ယခုထိ တပ်စွဲနေထိုင်လျက်ရှိပြီး ဒေသခံများ တောင်ပေါ်သို့တက်ရောက်ဖူးမြော်ခွင့်ကိုမူ စနေ၊ တနင်္ဂနွေ နှစ်ရက်တည်းသာ အချိန်ကန့်သတ်ချက်ဖြင့် ခွင့်ပြုထားသည်ဟု မင်းပြားမြို့ခံတစ်ဦးက ပြောသည်။

“မနက် ၈ နာရီလောက်ကနေ ညနေ ၄ နာရီ၊ ၅ နာရီလောက်ပဲခွင့်ပြုတယ်။ လူတွေကို စစ်ဆေးတာတွေတော့မလုပ်ဘူး။ ဒါပေမဲ့ ရှုခင်းတွေကို ဓာတ်ပုံတွေမရိုက်ရဘူး။ အဲဒါတွေကိုတော့ ကန့်သတ်ထားတယ်” ဟု ပြောသည်။

အဆိုပါဘုရား၊ စေတီများတွင် တပ်စွဲနေထိုင်နေမှုကို ရုပ်သိမ်းပေးရန် ဆရာတော်၊ သံဃာတော်များအပါအဝင် ဒေသခံများက သက်ဆိုင်ရာထံ အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသော်လည်း ရုပ်သိမ်းပေးခြင်း မရှိသေးဟု ဒေသခံများကေ ပြာသည်။

ရသေ့တောင်မြို့နယ် အနောက်ခြမ်း စေတီပြင် – ကျောက်ပန္ဒူ – အင်းဒင်ကျေးရွာတို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ကားလမ်းဘေး မယူတောင်ခြေရှိ မဟာဇေယျသိဒ္ဓိအောင်တော်မူ စေတီတော်တည်ရှိရာ မျှော်တော်ဦးတောင်ထိပ်ပေါ်တွင် နယ်ခြားစောင့်တပ်များ တပ်စွဲနေရာယူခြင်းမပြုလုပ်ရန် စေတီဂေါပကအဖွဲ့က စာရေးတောင်းဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် စာတစ်စောင်ရေးသား တင်ပြ တောင်းဆိုထားခြင်းဖြစ်ပြီး တောင်းဆိုရာတွင် ဒေသတည်ငြိမ်နေသည့် လက်ရှိအချိန်တွင် သာသနာတော်ထွန်းကားရေးဆိုင်ရာ လုပ်ငန်းများကို စဉ်ဆက် မပြတ်လုပ်ဆောင်နိုင်ရန် အဆိုပါတောင်ကုန်းပေါ်တွင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမျှ တပ်စွဲ၊ နေရာယူခြင်း မပြုရေးကို ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံချက်အဖြစ် တင်ပြတောင်းဆိုအပ်ပါသည်ဟု ပါရှိသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား အပစ်ခတ်ရပ်စဲထားသည်မှာ ၃ လခန့် ကြာမြင့်နေပြီဖြစ်သော်လည်း စစ်ကောင်စီတပ်သားများအနေဖြင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများတွင် နေရာယူထားခြင်းမှာ လုံး၀ မဖြစ်သင့်ဟု ဒေသခံများက ပြောဆိုသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here