“စစ်ရေးနဲ့ တပြိုင်နက်တည်း ဒီအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု ခံနေရတဲ့ကိစ္စတွေကလည်း အရေးတယူဖြေရှင်းပေးဖို့ လိုအပ်နေတဲ့ ကိစ္စတွေဖြစ်တယ်” မဇူးပဒုမ္မာ (BWU)

0
576

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တွဲဖက်အတွင်းရေးမှူး – ၁ နှင့် အမေးအဖြေ

စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ တောတောင်ထဲ ခိုလှုံနေရတဲ့ ကရင်နီစစ်ရှောင်လူထုတွေကြား အိမ်တွင်းအကြမ်းဖက်မှု၊ ကျား-မ အခြေပြု အကြမ်းဖက်မှုတွေ အပြင် စစ်ရှောင်အမျိုးသမီးတွေရဲ့ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဖက်အတွင်းရေးမှူး – ၁ မဇူးပဒုမ္မာနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အာဏာသိမ်းမှုက နှစ်နှစ်အထိ ရှည်ကြာလာခဲ့ပြီပေါ့နော။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဒီ နှစ်နှစ်အတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေက ပိုမိုများပြားလာတာ ရှိပါသလား။ ဘယ်လောက်ထိ များပြားလာပါသလဲ။ ဘာကြောင့်လဲ။

ဖြေ ။ ။ ဒီကရင်နီပြည်နယ်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ သိသိသာသာ များပြားလာတဲ့ အနေအထားမျိုးကို တွေ့ရတယ်ပေါ့နော။ ဘာဖြစ်လို့များလာလဲ ဆိုတဲ့အခါကျတော့၊ တကယ်တမ်းဆို အာဏာမသိမ်းခင်ကတည်းက အိမ်တွင်းအကြမ်းဖက်မှုက အများကြီး ရှိတယ်။ ပြီးတော့ တပြိုင်နက်တည်း အာဏာမသိမ်းခင်မှာလည်း ကိုဗစ်ဖြစ်သွားတဲ့ အခါကျတော့ လူတွေ အလုပ်အကိုင် နားလိုက်ရတာမျိုး၊ ပြီးလို့ရှိရင် နောက်တစ်ခုက ကျန်းမရေးအခြေအနေ၊ မိသားစုအခြေအနေ စသဖြင့် အခြေအနေအမျိုးမျိုးမှာ အမျိုးသမီးတွေကိုပဲ အထူးသဖြင့် စိတ်ထွက်ပေါက်ပုံစံမျိုးနဲ့ ထားပြီးတော့ အကြမ်းဖက်တဲ့ပုံစံမျိုးလည်း များလာတယ်ပေါ့နော။ ဆိုတော့ ကိုဗစ်ကိုပဲ ကောင်းကောင်းမပြီးခင်မှာပဲ အာဏာသိမ်းတဲ့ကိစ္စမျိုး ဖြစ်သွားခါကျတော့လည်း ဒီအိမ်တွင်းအကြမ်းဖက်မှုတွေက ပပျောက်သွားခြင်းမရှိဘဲ ပိုများလာတဲ့ဟာမျိုးပေါ့နော။ အခုနောက်ပိုင်းဆိုရင် တရားဥပဒေ စိုးမိုးမှုလည်း မရှိတဲ့အခါကျတော့ တိုင်ကြားဖို့လည်း ခက်ခဲတာမျိုးတွေ ပြီးတော့ တပြိုင်နက်တည်း မူးယစ်ဆေးဝါး သုံးစွဲမှုတွေကြောင့်မို့လို့လည်း လက်ရဲဇက်ရဲ အကြမ်းဖက်မှုကို ပိုပြီးတော့ လုပ်လာကြတဲ့ ပုံစံမျိုးကိုလည်း တွေ့ရတယ်ပေါ့လေ။

အိမ်တွင်းအကြမ်းဖက်မှုပုံစံကတော့ သိသာမြင်သာတဲ့ ပုံစံသုံးခုနဲ့ တွေ့ရတယ်ပေါ့နော။ နံပါတ် တစ် တစ်ခုကတော့ ဒီရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စသဖြင့် စစ်ရှောင်ပြည်သူတွေထဲမှာလည်း ကျမတို့ တွေ့ရတာ ရှိတယ်ပေါ့နော။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအနေနဲ့ကတော့ ခန္ဓာကိုယ်ကို နာကျင်ထိခိုက်အောင် ပစ္စည်းတစ်ခုခု အသုံးပြုပြီး ရိုက်နက်တာမျိုး ဒါမှ မဟုတ်ရင် လက်သီးနဲ့ ထိုးတာမျိုး၊ ကန်တာမျိုးပေါ့နော ဆံပင်ဆွဲတာမျိုး စသဖြင့် အဲ့လိုမြင်သာတဲ့ ပုံစံမျိုးနဲ့လည်း အကြမ်းဖက်တာ တွေ့ရတယ်။
တချို့အကြမ်းဖက်မှုတွေကျတော့လည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါ့နော။ စွတ်စွဲပြစ်တင်ပြောဆိုတာမျိုးတွေ ပြီးလို့ရှိရင် စိတ်ထိခိုက်စေအောင်ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောဆိုတဲ့ဟာမျိုးတွေပေါ့လေ၊ အဲ့လိုမျိုးတွေလည်း တွေ့ရတယ်။

နောက်တစ်ခုကျတော့ ဒီလိင်ပိုင်းဆိုင်ရာပေါ့နော။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကတော့ တော်တော်များများကတော့ အိမ်တွင်းအကြမ်းဖက်မှုတို့ ဒီလို လင်မယားနှစ်ယောက်ထဲမှာ ဖြစ်တဲ့ကိစ္စမျိုးဆိုရင်တော့ ဒီလိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်တယ်ဆိုတာကိုတော့ လက်မခံကြတာတော့ များတယ်ပေါ့လေနော။ အမျိုးသမီး အမျိုးသားကောလည်း ပါတယ်ပေါ့လေ အဲ့အထဲမှာ။ ဒါပေမယ့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကလည်း အိမ်ထောင်ရှင်အမျိုးသမီးတွေ စိတ်ဆန္ဒမပါဘဲနဲ့ အဲ့လို အတင်းအဓ္ဓမ အတူနေဖို့ ကြိုးစားတယ်ပေါ့နော။ ဒါတွေကလည်း ကျမတို့ ကြားသိရတဲ့ဟာမျိုးဆိုတော့ ဒီပုံစံ သုံးမျိုးနဲ့ စစ်ရှောင်တဲ့နေရာတွေမှာ ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်ပေါ့။

မေး ။ ။ ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ရှောင်လူထုတွေအနေနဲ့ အထိရောက်ဆုံး ကာကွယ်နိုင်မဲ့ နည်းလမ်းမျိုး ရှိပါသလား။ ရှိရင် မျှဝေပေးပါဦးရှင်။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီလိုကာလမှာ ထိရောက်တဲ့ ကာကွယ်မှုမျိုးကတော့ အစုအဖွဲ့ တစ်ခုချင်းစီသော်လည်းကောင်း တသီးပုဂ္ဂလ သော်လည်းကောင်းပေါ့နော၊ ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာမျိုးအနေနဲ့ ကျမ မတွေ့ရဘူးပေါ့နော၊ ဆိုလိုတာက ရေရှည်ပေါ့။ ရေရှည်လုပ်နိုင်တဲ့ဟာမျိုး၊ ရေရှည် ဒီအမှုတွေ ပပျောက်သွားအောင် ဒီလို case တွေ ဆက်ပြီး မဖြစ်အောင်ပေါ့နော လုပ်နိုင်တဲ့ အကာအကွယ်ပေးမှုမျိုးကတော့ ကျမတို့ လုပ်ပေးနိုင်ဖို့ဆိုတာ စိန်ခေါ်ချက်တွေ အများကြီးရှိတယ်။ ဥပမာဆိုရင်တော့ အမျိုးသမီး အစုအဖွဲ့တွေ အနေနဲ့ပေါ့နော။ ကရင်နီပြည်မှာ ရှိတဲ့ အမျိုးသမီးအစုအဖွဲ့ ကျမတို့ မြန်မာ့အမျိုးသမီးများ သမဂ္ဂ အပါအဝင်ပေါ့လေ ကျမတို့ ဖြေရှင်းတဲ့ပုံစံဆိုရင်တော့ Safe House ပေါ့နော ဒီအိမ်တွင်းအကြမ်းဖက်မှု ခံရတဲ့ အမျိုးသမီး ဆက်ပြီးတော့ အကြမ်းဖက်မှု အခြေအနေကနေ ကျုးလွန်မခံရအောင်လို့ ယာယီရွှေ့ပြောင်းနေထိုင်ဖို့အတွက် လုံခြုံအိမ် ပုံစံမျိုးတွေ ဖန်တီးပေးတာမျိုး ပြီးလို့ရှိရင် ဒီအိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ ကုစားနှစ်သိမ့်ပေးတဲ့ဟာမျိုး ပြီးရင် သူတို့ရွှေ့ပြောင်းဖို့အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးနိုင်တာလောက်ပဲ လုပ်နိုင်တဲ့အခင်းအကျင်း ရှိတယ်ပေါ့နော။ စောနက သူတို့လိုအပ်တဲ့ အကာအကွယ်လို့ပြောရင် ဒီတရားဥပဒေအကာကွယ် ပြီးလို့ရှိရင် ဒီအကြမ်းဖက်ခံရတဲ့ လူအပြင်ကိုပေါ့နော ဒီအကြမ်းဖက်လိုက်တဲ့ ကျုးလွန်တဲ့လူတွေကို ထိရောက်တဲ့ အရေးယူအပြစ်ပေးမှုမျိုး ပြီးလို့ရှိရင် ကျုးလွန်တဲ့လူကို ထိန်းသိမ်းလိုက်နိုင်တဲ့ အနေအထားမျိုးတွေကတော့ အနည်းငယ်ပဲ ရှိသေးတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ ကာကွယ်ပေးနိုင်မှု အတိုင်းအတာကတော့ တပြည်နယ်လုံးအတိုင်းအတာနဲ့က ရေရှည်ကာကွယ်ပေးမှုမျိုးက လုပ်နိုင်တဲ့အစုအဖွဲ့ရယ်လို့ အခုချိန်မှာ တိတိကျကျပြောဖို့အတွက် ခက်ခဲတယ်လို့တော့ ကျမအနေနဲ့ မြင်တယ်ပေါ့လေ။

မေး ။ ။ နောက်တစ်ခုအနေနဲ့ ဒီ ကျား၊မ အခြေပြုအကြမ်းဖက်မှုခေါ် GBV (Gender-based Violence ) အနေနဲ့ကော အာဏာသိမ်းမှုပြီးတဲ့နောက်မှာ ဆိုးရွားလာတာမျိုးတွေ ရှိပါသလား။ ဘယ်လောက်ထိ ဖြစ်နေပါသလဲ။

ဖြေ ။ ။ ကျား၊မ အခြေပြု ခွဲခြားဆက်ဆံမှုကတော့ အများကြီးရှိတယ်ပေါ့နော။ ကဏ္ဍအလိုက်မှာ အများကြီးရှိတယ်။ ဥပမာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနဲ့ တခြားကဏ္ဍအသီးသီးတွေမှာ ခွဲခြားဆက်ဆံမှုကတော့ အခုချိန်ထိရှိတာ တွေ့ရတယ်။ ဥပမာ ဒီနောက်ပိုင်းမှာ သိသာမြင်သာဖြစ်တဲ့ ကာကွယ်ရေးတပ်တွေမှာပေါ့နော။ ကာကွယ်ရေးတပ်တွေမှာ အမျိုးသမီးတွေ ပါဝင်လာတယ်။ ဒါပေမယ့် ဒီကာကွယ်ရေတပ်တွေမှာ ပါဝင်လာတဲ့ အမျိုးသမီးတွေကို အမျိုးသမီးဖြစ်တည်မှုအပေါ်မှာ မူတည်ပြီးတော့ ခွဲခြားဆက်ဆံမှုတွေရှိတယ်။ ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေသေးတာမျိုး ပြီးလို့ရှိရင် နောက်တစ်ခုက ဒီအမျိုးသမီးတွေ ကာကွယ်ရေးတပ်ထဲကို ဝင်မယ်ဆိုလို့ရှိရင် အဟန့်အတားတွေ ဖြစ်နေတာမျိုး လုံခြုံရေးအရ ကာကွယ်ပေးနိုင်မှု အခက်အခဲဖြစ်နေတာမျိုး အမျိုးသမီးဖြစ်လို့ ခွဲခြားဆက်ဆံခံရတာပေါ့နော။ ဥပမာ ဦးဆောင်မှုအခန်းကဏ္ဍအပြင် ရှေ့တန်းထွက်မယ် ပြီးလို့ရှိရင် နောက်တစ်ခုက အမျိုးသမီးဖြစ်လို့ သေနတ်ကိုင်ဖို့ အခွင့်အရေးတွေ အဟန့်အတားတွေ ရှိနေသေးတာမျိုး အဲ့လိုဟာမျိုးနဲ့တော့ ဒီကာကွယ်ရေးတပ်တွေမှာဆိုရင်လည်း ကြုံနေရတာတွေ တွေ့ရတယ်ပေါ့နော။ ပြီးရင် တပြိုင်နက်တည်း နိုင်ငံရေးအခန်းကဏ္ဍမှာလို့ ပြောရင်တော့ အခုဆိုလို့ရှိရင် အမျိုးသမီးတွေပါဝင်မှုကို လက်ကမ်းကြိုဆိုတဲ့ဟာမျိုး ပါဝင်မှုကို အသိအမှတ်ပြုတဲ့ပုံစံမျိုး တစ်စုံတစ်ရာတွေ ရှိလာတယ်ဆိုရင်တောင်မှပေါ့လေ ဒီလိုခေါင်းဆောင်တဲ့နေရာတွေမှာ အမျိုးသမီးတွေကို နေရာကို ရဲရဲတင်းတင်း၊ တာဝန်တွေကို ရဲရဲတင်းတင်းပေးနိုင်ဖို့ ပြီးလို့ရှိရင် အမျိုးသမီးတွေ ပါဝင်မှု၊ ကိုယ်စားပြုမှုကို သေချာမစဉ်းစားတဲ့ဟာမျိုးပေါ့။ အမျိုးသမီး အစုအဖွဲ့ကနေပြီးတော့ ကိုယ်စားပြုတဲ့အမျိုးသမီးလောက်ပဲ နိုင်ငံရေးပလက်ဖောင်းပေါ်မှာ ရှိနေပြီး တခြား လက်နက်ကိုင်၊ လူငယ် ပြီးရင်တခြားနိုင်ငံရေးပါတီ စသဖြင့်ပေါ့နော အဲ့လိုနေရာတွေမှာ အမျိုးသမီး ကိုယ်စားပြုမှုတွေက နည်းနေသေးတဲ့ဟာမျိုးကို တွေ့ရတယ်ပေါ့နော ဆိုတော့ ကျား၊မ အခြေပြု ခွဲခြားဆက်ဆံမှုလို့ ပြောရင်တော့ စောနက အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်တဲ့ဟာကလည်း ဒီဟာတွေနဲ့ ကျမတို့က ချိတ်ဆက်မှုတွေ ရှိနေတယ်ပေါ့နော။ တပြိုင်နက်တည်း ကဏ္ဍအသီးသီးမှာလည်း အခုအခြေအနေအထိ တိုးမြင့်လာတယ် ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ကျမ အနေနဲ့ သုံးသပ်မိပါတယ်။

မေး ။ ။ ဆရာမတို့ ဖေ့ဘုတ်စာမျက်နှာမှာ တင်ထားတဲ့ အစီရင်ခံစာထဲမှာ စစ်တပ်က ကျုးလွန်တဲ့ မုဒိမ်းမှုတွေ ၊ အရပ်သားက ကျုးလွန်တဲ့ မုဒိမ်းမှုတွေ ဒ့ါအပြင် စစ်ဆေးရေးဂိတ်တွေမှာပါ ထိပါးနှောင့်ယှက်နေမှုတွေ ရှိနေတဲ့ထိပါ ဖြစ်တယ်ပေါ့နော။ ဒါတွေကို ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲ။ ဒါ့အပြင် သွားလာရေးအတွက်တော့ စစ်ဆေးရေးဂိတ်တွေက နေရာတိုင်းလိုလိုမှာ ရှိနေတော့လေ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကြိုတင်ကာကွယ်မှုတွေ ပြုလုပ်လို့ ရနိုင်မလဲပေါ့နော။ ဒီလို အကြမ်းဖက်မှုတွေ နည်းပါးလာစေဖို့ စသဖြင့် လုပ်ဆောင်ပေးတာမျိုးတွေ ရှိပါသလား။

ဖြေ ။ ။ စစ်ရှောင်စခန်းကနေပြီးတော့ နေရပ်ပြန်တဲ့အမျိုးသမီးတို့ ဒါမှမဟုတ် ဒီကျေးရွာတွေပေါ့နော သွားလို့လာလို့ရတဲ့ တချို့နေရာတွေမှာလည်း အမျိုးသမီးတွေကနေပြီးတော့ စျေးဝယ်တာမျိုးဖြစ်ဖြစ် နေရာတနေရာရာကို ပြောင်းရွေ့သွားလာတာမျိုးဖြစ်ဖြစ်ပေါ့နော အဲ့လိုမျိုးဆိုရင်တော့ ဒီအကြမ်းဖက်စစ်တပ်ရဲ့ ဂိတ်တွေမှာပေါ့နော စစ်ဆေးရေးဂိတ်တွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေ အများကြီးရှိတယ်ဆိုတာ တွေ့ရတယ်။ ဥပမာ စစ်ဆေးတဲ့အခါမှာဆိုလို့ရှိရင်လည်း လူ့ဂုဏ်သိက္ခာနဲ့ မညီတဲ့ စစ်ဆေးမှုတွေကို အမျိုးသမီးတွေ အများစု လုပ်တဲ့ဟာမျိုးတွေ ရှိတယ်ပေါ့နော။ ဒီဟာနဲ့ပတ်သက်ပြီး ဖြေရှင်းမှုလို့၊ ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းလို့ ပြောရင်တော့ ကျမတို့မှာ သူတို့ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းပြီး သွားနိုင်တဲ့လမ်းတွေကို အသုံးပြုပြီး သွားတာမျိုး၊ သူတို့နဲ့ ထိပ်တိုက်မတွေ့ပဲနဲ့ နေတဲ့ဟာမျိုးက ဒီအချိန်မှာတော့ လက်တွေ့အကျဆုံး ဖြေရှင်းနည်းလို့ပဲ ကျမတစ်ယောက်အနေနဲ့တော့ မြင်တယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက် စစ်တပ်ဖြစ်တဲ့အခါကျတော့ ကျမတို့က ဒီလိုမလုပ်ဖို့၊ မပြောဖို့ တိုင်ကြားမဲ့နေရာမရှိဘူး သူတို့ကို အပြစ်ပေးအရေးယူနိုင်တဲ့ တိုင်ကြားမှု ယန္တာယားမျိုးတွေ ကျမတို့ဆီမှာ မရှိနေသေးတဲ့အခါကျတော့ ဒီဟာကို သူတို့ရှိတဲ့နေရာတွေကို မသွားပဲနေတဲ့ဟာမျိုးကလည်း ပိုပြီးလက်တွေ့ကျတဲ့ ဖြေရှင်းမှုမျိုးလို့တော့ ကျမအနေနဲ့တော့ မြင်တယ်ပေါ့နော။ ဒါပေမယ့် အဲ့လိုကြုံလာရတဲ့အခါမှာ သတင်းမီဒီယာကနေသော်လည်းကောင်း အမျိုးသမီးအစုအဖွဲ့တွေသော်လည်းကောင်း သတင်းထုတ်ပြန်နိုင်အောင်လို့ ပြီးလို့ရှိရင် ဒါက စစ်တပ်ရဲ့ ကျုးလွန်မှုတွေကို ပုံစံမျိုးစုံနဲ့ ကျုးလွန်မှုတွေကို မှတ်တမ်းတင်နိုင်အောင် စစ်ဆေးတဲ့ဂိတ်တွေရဲ့ အခြေအနေတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ အကြမ်းဖက်ကျုးလွန်တဲ့လူတွေ နောက်ပြီးလို့ရှိရင် နေရာတွေ ဒါတွေကို သေချာမှတ်ထားပြီးတော့ အဲ့လိုမျိုး သတင်းမှတ်တမ်းပြုစုနေတဲ့ အစုအဖွဲ့တွေကို သတင်းပေးတာမျိုး ပြီးလို့ရှိရင် နောက်တစ်ခုက သတင်းဌာနကို သတင်းပေးတာမျိုးတွေကတော့ နှောင်တစ်ချိန်မှာ ဒီလိုကျုးလွန်တဲ့လူတွေကို အပြစ်ပေးအရေးယူနိုင်တဲ့ နည်းလမ်းတစ်ခုတော့ ဖြစ်နိုင်တယ်လို့ မြင်တယ်ပေါ့။

မေး ။ ။ အထူးသဖြင့် စစ်ရှောင်နေရတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးအခြေအနေက ဘယ်လို စိန်ခေါ်မှုတွေ ရှိနေပါသလဲ။ အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆရာမတို့အနေနဲ့ တစ်စုံတစ်ရာ ဆောင်ရွက်ပေးနေတာမျိုးရှိပါသလား။ အခက်အခဲ၊ စိန်ခေါ်မှုတွေ ဘာတွေ ရှိပါသလဲ။

ဖြေ။ ။ စစ်ရှောင်အမျိုးသမီးတွေရဲ့ လုံခြုံရေးပေါ့နော။ အဲ့လိုမျိုးတွေနဲ့ ပတ်သက်ရင် ကျမတို့ အမျိုးသမီးအစုအဖွဲ့တွေအနေနဲ့က သူတို့ကို အကာအကွယ်ဖြစ်နိုင်မဲ့ အသက်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကာကွယ်ပေးနိုင်ဖို့အတွက်ကတော့ ကျမတို့ဆီမှာ လုပ်နိုင်တဲ့အင်အား အရမ်းနည်းတယ်ပေါ့နော။ ဒါပေမယ့် အစားအစာ လုံခြုံရေးနဲ့သော်လည်းကောင်း နောက်ပြီးလို့ရှိရင် ဒီနေရေးထိုင်ရေးပေါ့နော။ လုံခြုံတဲ့အိမ်ရရှိဖို့ လုံခြုံတဲ့ ယာယီအဆောက်အဦး ရရှိဖို့အတွက်ကိုတော့ ကျမတို့ ကူညီနိုင်တဲ့ နည်းလမ်းမျိုးနဲ့ ဒီ Humanitarians aid တွေကိုတော့ ဆောင်ရွက်ပေးတာမျိုး ရှိတယ်ပေါ့နော။ ဒါပေမယ့် သူတို့ရဲ့ အသက်ပိုင်းဆိုင်ရာပေါ့နော အကာအကွယ် လုပ်ပေးနိုင်ဖို့ကတော့ ကျမတို့လိုမျိုး အစုအဖွဲ့မှာက စိန်ခေါ်မှုတွေ များစွာရှိတယ်ပေါ့လေ။ တပြိုင်နက်တည်း ဒီစစ်ရှောင်တွေရဲ့ Humanitarians ကိစ္စလိုမျိုးလုပ်တာ၊ ဒီအမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တပြိုင်နက်တည်း ဒီအိမ်တွင်းအကြမ်းဖက်မှုတွေကို ကူညီဖြေရှင်းတဲ့ဟာတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့အခါမှာလည်း ကျမတို့အတွက်လည်း လုံခြုံရေးပိုင်းဆိုင်ရာပေါ့နော စိန်ခေါ်မှုတွေ အများကြီးရှိတာ တွေ့ရတယ်။ ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာ သွားလာရေးနဲ့ပတ်သက်ပြီးတော့ ကျမတို့ စိန်ခေါ်မှုတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကိုယ်တိုင်ပေါ့နော၊ မြေပြင်မှာရှိနေတဲ့ ကျမတို့ ဝန်ထမ်းတွေကိုယ်တိုင်က ဒီစစ်ကြောရေးဂိတ်တွေမှာ ပုံစံမျိုးစုံနဲ့ သွားလာပြီးတော့ လုံခြုံအောင် ဒီစစ်ရှောင်လူထုတွေဆီကိုရောက်အောင် ပစ္စည်းပစ္စယတွေ ပို့ဆောင်တာမျိုး ပြီးရင် တွေ့ဆုံစကားတဲ့ဟာမျိုးတွေ လုပ်ရတဲ့အတွက်ကြောင့်မို့လို့ ကျမတို့ ဝန်ထမ်းတွေကိုယ်တိုင်ကိုက လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စိန်ခေါ်မှုတွေရှိတယ်။ အဓိက စိန်ခေါ်မှုကတော့ လုံခြုံရေးပေါ့နော အဲ့ဒါတွေကတော့ ကျမတို့မှာ အများကြီး ကြုံနေရပါတယ်။

မေး ။ ။ ဖြည့်စွက်ဖြေကြားချက်များ ဖြေကြားနိုင်ပါတယ်ရှင့်။

ဖြေ ။ ။ ကျမအနေနဲ့ ထပ်ပြီးဖြည့်စွက်ပြောချင်တာကတော့ အိမ်တွင်းအကြမ်းဖက်မှုလို ကိစ္စမျိုးက သာမန်ဖြစ်ရိုးဖြစ်စဉ် ဒီမိသားစုထဲမှာ ဖြစ်တဲ့ကိစ္စမျိုး ဒီလင်မယားပေါ့နော ဒီအမျိုးသမီး အမျိုးသား နှစ်ဦးကြားမှာပဲ သာမန် ဖြစ်ရိုးဖြစ်စဉ် ဖြစ်လေ့ရှိတဲ့ အမှုကိစ္စမျိုးမဟုတ်ဘူးဆိုတဲ့ဟာမျိုးကို ပြောချင်တယ်။ ဒီအိမ်တွင်းအကြမ်းဖက်မှုတွေ များလာလေလေ ကျမတို့နိုင်ငံ တစ်နိုင်ငံလုံးပေါ့နော ကရင်နီတပြည်နယ်လုံး တစ်နိုင်ငံလုံးဆိုင်ရာ လုံခြုံမှုတွေကလည်း ပိုပြီးတော့ မရှိလာလေဖြစ်တယ်ပေါ့နော။ ဆိုတော့ ဒီအိမ်တွင်းအကြမ်းဖက်မှု ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကျမတို့ ရိုးရာဓလေ့ ဒီအမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံတာနဲ့တပြိုင်နက်တည်း ဆက်စပ်မှုတွေလည်း ရှိတယ်ပေါ့နော။ အဲ့ဒါတွေပဲလားဆိုရင်တော့ ကျမတို့လိုမျိုး တရားဥပဒေစိုးမိုးမှု မရှိတဲ့ နိုင်ငံ ပြီးလို့ရှိရင် စစ်အာဏာရှင်စနစ်အောက်မှာ နေရတဲ့ နိုင်ငံအဖို့ကတော့ ဒီလိုအမှုတွေကို လက်ခံဖြေရှင်းနိုင်ဖို့ တပြိုင်နက်တည်း ဒီကျုးလွန်ခံရတဲ့ အမျိုးသမီးအတွက် လုံခြုံကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ရှိဖို့တွေကလည်း အများကြီးလိုအပ်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမ တစ်ယောက်တည်းအနေနဲ့ကတော့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီတို့လိုမျိုး ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီကနေပြီးတော့လည်း ပြည်နယ်အုပ်ချုပ်ရေးကောင်စီလိုမျိုး ဖွဲ့စည်းဖို့အစီအစဉ်တွေလည်း ထုတ်ပြန်ထားတာတွေလည်း ရှိတယ်။ ဒါတွေကိုလည်း တွေ့ရတဲ့အခါကျတော့ ဒီလိုပြည်နယ်အစိုးရလိုမျိုး ယန္တာရားတွေ ပေါ်လာရင်တော့ ဒီအမှုတွေကို အလေးအနက်ထား ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတဲ့ဟာကိုတော့ ဒီနေရာမှာ ကျမက တိုက်တွန်းပြောဆိုချင်တယ်။ ပြီးလို့ရှိရင် ကျမတို့က စစ်ရေးနဲ့ တပြိုင်နက်တည်း ဒီအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု ခံနေရတဲ့ကိစ္စတွေကလည်း အရေးတယူဖြေရှင်းပေးဖို့ လိုအပ်နေတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါကြောင့် ဒီဟာကိုလည်း ဦးစားပေးထည့်သွင်းစဉ်းစားရမယ့်ကိစ္စတွေဖြစ်တယ်ဆိုတဲ့ဟာကိုတော့ တာဝန်ရှိသူတဲ့ ခေါင်းဆောင်တွေကို ကျမအနေနဲ့ တိုက်တွန်းပြောဆိုချင်တယ်ပေါ့။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here