ကော့သောင်းတိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးနေရ

0
159

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁၀၀၀ နီးပါးဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တောတောင်တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့စပြီး KTLA တပ်နဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ ကော့သောင်းမြို့နယ် ဝိုင်ဒင်း၊ ပါကလပ်၊ တပ်ဦးမြိုင်သာယာကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီးနောက် ဝိုင်ဒင်းကျေးရွာထဲမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝိုင်ဒင်း၊ ပါကလပ်၊ အောင်သယာအပါအဝင် ကျေးရွာ ၅ ရွာလောက်က ဒေသခံပြည်သူတွေဟာ ထိုင်းနိုင်ငံနဲ့နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးနေရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဝိုင်ဒင်းကျေးရွာထဲ တပ်စွဲထားသလို ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညကလည်း ဘုတ်ပြင်းမြို့နယ်ကနေ ရှမ်းကိုးကျေးရွာကို တပ်အင်အား ၂၀၀ နီးပါး ထပ်မံဖြည့်တင်းလာတာပါ။

စစ်ကောင်စီတပ်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ မုန်တိုင်းက ဆိုပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေနဲ့အနီးတဲ့ ထိုင်းဘက်ခြမ်းမှာလည်း ထိုင်းစစ်တပ်က လုံခြုံရေးအဖွဲ့တွေ တိုးမြှင့်ချထားပြီး စောင့်ကြည့်တာတွေလုပ်နေတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ကော့သောင်းမြို့နယ် ဝိုင်ဒင်ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၈ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သလို PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ၂ ဦး ဒဏ်ရာရရှိထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here