ကရင်လက်နက်ကိုင်အချင်းချင်းတိုက်ခိုက်နေမှု အမြန်ဆုံး အဆုံးသတ်ပေးရန် IKO တောင်းဆို

0
258

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော် KTLA တို့ အချင်းချင်း ရန်မူတိုက်ခိုက်နေမှုများကို ကရင်တစ်မျိုးသားလုံး၏ မျက်နှာကိုထောက်ရှုကာ အမြန်ဆုံးအဆုံးသတ်ပေးရန် နိုင်ငံတကာကရင်အဖွဲ့အစည်း (International Karen Organization – IKO) က တောင်းဆိုလိုက်သည်။

ပြည်ပရောက် ကရင်လူမျိုးများဖြင့်ဖွဲ့စည်းထားသည့် နိုင်ငံတကာကရင်အဖွဲ့အစည်း (IKO) က ဖေဖော်ဝါရီလ ၂၂ ရက်တွင် စာထုတ်ပြီး ယခုလို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးက တော်လှန်တိုက်ပွဲဝင်နေချိန်တွင် ကရင် အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေကြခြင်းက မဖြစ်သင့်ဟု IKO က ထုတ်ပြန်ထားသည်။

စစ်အစိုးရသည် ကရင်လူမျိုးအပါအဝင် ပြည်သူတရပ်လုံးအပေါ် မတရားဖိနှိပ်အုပ်ချုပ် ကျွန်ပြုခဲ့သည်မှာ ဆယ်စုနှစ် ပေါင်းများစွာ ရှိနေခဲ့ပြီး ပြည်သူတရပ်လုံး၏ စစ်အုပ်စုအမြစ်ပြတ်ဖြုတ်ချရေးအတွက် တော်လှန်တိုက်ပွဲဝင်နေခြင်းသည် အဖိနှိပ်ခံ ပြည်သူလူထုတရပ်လုံးအတွက် အခွင့်အခါကောင်းဖြစ်၍ လက်မလွှတ်သင့်ဟု IKO က ထုတ်ပြန်ထားသည်။

စစ်အုပ်စုသည် ဘေးကြပ်နံကြပ်ဖြစ်နေ၍ အယုက်မာဆုံးသော လုပ်ရပ်များဖြစ်သော ပြည်သူလူထုများအပေါ် ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခြင်း အိုးအိမ်နှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း စသည့်ယုက်မာနည်းများကို ကျင့်သုံးနေသည်။

ထိုကြောင့် ကရင်အချင်းချင်းတိုက်ခိုက်မည့်အစား သေနတ်ပြောင်းဝကို စစ်အုပ်စုဘက်သို့ လှည့်ကြည့်ရန် IKO တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ PDF များ ဗိုလ်စောအယ်ခွီးဦးဆောင်သည့် ကော်သူးလေတပ်မတော်ကနေ ထွက်ခွာကြဖို့ ကေအန်ယူ တပ်မဟာ ၄ က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ဗိုလ်စောအယ်ခွီးဦးဆောင်သည့် ကော်သူးလေတပ်မတော်ကလည်း PDF များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အဖွဲ့အစည်းကနေ ထွက်ကြဖို့ တန်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောင် နှစ်ဖက် စစ်ရေးတင်းမာလာခဲ့သည်။

ကော်သူးလေတပ်မတော်နှင့် KNU တပ်မဟာ ၄ တို့အကြား စစ်ရေးတင်းမာလာပြီးနောက် ဖေဖော်ဝါရီလအတွင်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲဘော် သုံးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ကော်သူးလေ တပ်မတော်ဘက်က ထုတ်ပြန်ထားသည်။

ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြားက တင်းမာမှုကို အမြန်ဆုံးဆွေးနွေးအဖြေရှာရန် တနင်္သာရီတိုင်းရှိ ကရင်ပြည်သူလူထုတို့ကလည်း ဖေဖော်ဝါရီ ၇ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ကြေညာချက်ထုတ်ပြီး တောင်းဆိုထားသည်။

ကရင်လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် လက်နက်ဖြင့် ဖြေရှင်းခြင်းကိုလည်း လုံးဝလက်ခံနိုင်မည်မဟုတ်ကြောင်း တနင်္သာရီတိုင်းရှိ ကရင်လူထုတို့က သဘောထား ထုတ်ပြန်ထားသည်။

ပြည်ပရောက် ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့ကလည်း ကရင်ပြည်သူများ၏ တောင်းဆိုချက်များကို ထောက်ခံထုတ်ပြန်ထားခဲ့သည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here