“ပစ် ခတ်ကြလုပ်နေကြတဲ့အခါမှာ ပြည်သူလူထုအနေနဲ့ ကျီးလန့်စာ စားနေရတယ်၊

0
483

ကွတ်ခိုင်မြို့နယ်အတွင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးနှင့် အမေးအဖြေ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ သျှမ်းပြည်အခြေစိုက် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကွတ်ခိုင်မြို့အခြေစိုက် ကောင်းခါးပြည်သူ့စစ် (KDA) တပ်ဖွဲ့တွေက ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာမှာ စစ်ရေးတင်းမာမှု အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲဒီနေ့က ညအချိန်မှာ TNLA တပ်ဖွဲ့က ကောင်းခါးရွာထဲ ဝင်ရောက်လာပြီး ပြည်သူပိုင် အိမ်ရာဝန်းတွေထဲ ခွင့်တောင်းပြီး ဝင်ရောက်နေရာယူတာမျိုးတွေရှိသလို တံခါးတွေ ခြံဝန်းတွေကို ရိုက်ချိုးပြီး အိမ်တွေထဲ ဝင်ရောက်နေရာယူတာတွေ ရှိပါတယ်။ အဲ့ဒီလို TNLA တပ်သားတွေ နေအိမ်ထဲမှာ နေရာယူထားတဲ့အတွက် ပြည်သူလူထုတွေက ကြောက်လန့်ပြီး ဘုရားကျောင်းတွေမှာ သွားရောက်ခိုလှုံနေရပါတယ်။

လက်ရှိအချိန်မှာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကောင်းခါးပြည်သူ့စစ် (KDA) တွေရဲ့ စစ်ရေးတင်းမာမှု အခြေအနေတွေက ဘယ်လိုရှိနေလဲ၊ ပြည်သူတွေရဲ့ စိုးရိမ်ကြောက်လန့်မှုက ဘယ်လိုရှိလဲဆိုတဲ့အကြောင်းကို ကွတ်ခိုင်မြို့နယ်အတွင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ထုရော် (နာမည်လွှဲ) ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကောင်းခါးမှာ တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကောင်းခါးပြည်သူ့စစ်တွေ စစ်ရေးတင်းမာမှုရှိခဲ့တယ်လို့ သိရပါတယ်၊ ဖြစ်စဥ်အကျဥ်းချုံးနဲ့ လက်ရှိ မြေပြင်အခြေအနေကို ပြောပြပေးပါအုံး။

ဖြေ ။ ။ ဒီလ ၂၁ ရက် မနက်ပိုင်းမှာတော့ သူတို့ TNLA တပ်ဖွဲ့ ပြန်ဆုတ်သွားပြီ။ ဒါပေမဲ့လည်း အဲ့ဒီနား တစ်ဝိုက်မှာပဲ ရှိနေသေးတယ်။ အစက ပြည်သူလူထုရဲ့ တံခါးတွေ အိမ်တွေကို ရိုက်ဖွင့်ပြီးတော့မှ အထဲမှာ ဝင်နေခဲ့တာလေ။ သူတို့ ဝင်လာတာက လွန်ခဲ့တဲ့ သောကြာနေ့မှာဖြစ်တယ်။ အဲ့ သောကြာ ညမှာ ကောင်းခါးမြို့ထဲကို ဝင်လာပြီး တော့ အိမ်တွေကို ရိုက်ဖွင့်ပြီး တချို့နေရာကျတော့ ခွင့်တောင်းတယ်။ တချို့နေရာကျတော့ အခန်းတွေကို ရိုက်ဖွင့်ပြီး ခြံစည်းရိုး တွေကို ကျော်ဝင် ခုန်ဝင်လုပ်ပြီးတော့မှ လူထုအိမ်ထဲမှာ နေရာယူလိုက်ပြီလေ။

မေး။ ။ TNLA တပ်သားတွေက ပြည်သူ့နေအိမ်ထဲ ဝင်ရောက်နေရာယူလိုက်တော့ ပြည်သူတွေကလည်း TNLA စစ်သားနဲ့အတူ နေနေသလား၊ ဘယ်လို လုပ်ဆောင်နေကြရလဲ။

ဖြေ။ ။ အဲ့လို TNLA စစ်သားတွေက ပြည်သူလူထုနဲ့ သွားနေတဲ့ အခါမှာကျတော့ ပြည်သူတွေက ကြောက်တဲ့အခါမှာ တချို့ကျတော့ ကွတ်ခိုင်က ဆွေမျိုး အိမ်တွေကို လာပြီးရှောင်နေလိုက်ကြတယ်။ တချို့ကလည်း တကယ်လို့ RC အသင်းတော်ဆိုရင် RC က ဘုရားကျောင်းမှာ သွားပြီး စုနေလိုက်ကြတယ်။ နှစ်ခြင်းအသင်းဝင်ဖြစ်တယ် ဆိုရင် လည်း နှစ်ခြင်းဘုရား ကျောင်းတွေကို သွားစုနေလိုက်ကြတာပေါ့။ သူတို့ဝင်နေတာက သောကြာ နေ့ဖြစ်တာ ဆိုတော့ ၊ တနင်္လာ မှာကျတော့ လူထုက ရှောင်နေလိုက် ကြတာဖြစ်တယ်။ ယနေ့အထိ တချို့ကလည်း မပြန်ဖြစ် ကြသေးဘူး။ တချို့ကျတော့လည်း ဘုရားကျောင်း နဲ့ အိမ်နဲ့ သွားလိုက် လာလိုက်လုပ်နေတာ။ တချို့ကလည်း ကတုတ် ကျင်းတွေ တူးနေကြတာ၊ အခုချိန်ထိတော့ စိုးရိမ်စရာကောင်းတယ်လို့ ပြောနိုင်တယ်။

မေး။ ။ အခုလိုမျိုး TNLA တပ်ဖွဲ့နဲ့ ကောင်းခါးပြည်သူ့စစ်က စစ်ရေးတင်းမာမှု ဖြစ်ပေါ်လာတာဟာ ဘာကြောင့်ဖြစ်မယ်လို့ ထင်မိပါသလဲ။

ဖြေ။ ။ အရင်ကလည်း ဂျာယန် (မိုင်းယော်တိုက်နယ်) မှာ စခန်းဝင်စီးပြီး လူသားဒိုင်းကာ ဖမ်းဆီးတာတွေ ရှိခဲ့ဖူးတော့ အဲ့ဒီနောက်ဆက်တွဲက အခု ကောင်းခါးကို ပြန်လာဖြစ်တဲ့ သဘောပဲ။ အခုလည်း ကောင်းခါး ပြည်သူ့စစ် (KDA) ဌာနချုပ် ရုံးကလည်း ကောင်းခါးမြို့ထဲမှာပဲ ရှိတယ်လေ။ ထိတွေ့တိုက်ပွဲတော့ မရှိဘူး။ KDA ဌာနချုပ်နေရာဆီကို တန်းမသွားဘဲနဲ့ ပြည်သူနေအိမ်ထဲဝင်ပြီး ကောင်းခါး (မြို့သစ်) တစ်မြို့လုံးနီးပါးကို နေရာယူထားတယ်။ အဲ့တနင်္လာနေ့မှာကျတော့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းတစ်ကြောင်းက ကောင်းခါးဘက်ကို ဦးတည်လာတယ်။ အဲ့နားတစ်ဝိုက်မှာ နေရာယူပြီး စခန်းချထားတယ်၊ အဲ့ဒီနောက်မှာတော့ ကောင်းခါးထဲ နေရာယူထားတဲ့ TNLA တွေကလည်း ဆုတ်သွားတယ်။

မေး။ ။ လက်ရှိမှာ ဒီ စစ်ရေးတင်းမာမှုတွေအကြားမှာ ဒေသခံပြည်သူလူထုတွေက ဘယ်လိုနေထိုင်ကြရသလဲ။ စိုးရိမ်ကြောက်လန့်မှုတွေက ဘယ်လိုရှိလဲ။

ဖြေ။ ။ TNLA တွေက ဆုတ်သွားပေမဲ့ အနားအနားမှာပဲ ရှိနေသေးတဲ့အခါမှာတော့ ဘယ်အချိန်မှာပြန်ပြီး စဖြစ်မလဲဆိုတာမျိုးတော့ ကြောက်နေရတာပေါ့၊ အဲ့လိုမျိုးတွေကြောက်ရလို့ ပြည်သူတွေကလည်း အိမ်ကို ခဏတဖြုတ်လာပြီး သက်ဆိုင်ရာဘုရားကျောင်းကို ပြန်သွားတာမျိုးတွေ လုပ်နေတယ်။ ခန့်မှန်းလူဦးရေတော့ မပြောတတ်ဘူး။

မေး။ ။ အရင်တုန်းကလည်း စစ်ကောင်စီတပ်တွေကနေ စစ်ရှောင်တပ်တွေ ရှိတဲ့နေရာတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို လက်နက်ကြီးတွေနဲ့ လှမ်းထုတာမျိုးတွေက ရှိခဲ့ဖူးတယ်လေ၊ အခုလို စစ်ရေးတင်းမာမှုမှာ ပြည်သူတွေက ဘုရားကျောင်းကို မှီခိုပြီး ခုံလှုံနေတာကရော လုံခြုံရေးအတွက် ဖြစ်စေနိုင်လား။

ဖြေ။ ။ ကျမတို့ အနေနဲ့က လုံခြုံရေးအကြောင်း ပြောရရင် မြို့ပေါ်မှာရော၊ တောင်တွေ ရွာတွေဘက်မှာရော လုံခြုံစိတ်ချရတဲ့အပိုင်းကတော့ လုံးဝမရှိဘူး။ ဒီလိုမျိုး နှစ်ဖက်စစ်တပ်တွေ တိုက်ပွဲဖြစ်ပြီး ပစ်ကြခတ်ကြ လုပ်နေကြတဲ့အခါမှာ ပြည်သူလူထုအနေနဲ့ကတော့ ကျီးလန့်စာ စားနေရတယ်၊ အဲ့တာတော့ ကျမတစ်ယောက်တည်းမဟုတ်ဘူး၊ အားလုံးကနေ စိုးရိမ်ကြောက်လန့်နေရတာ။ မလုံမခြုံမှုတွေက ပိုပြီးတော့မှ စိတ်ဖိစီးမှု ဖြစ်စေတယ်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here